ရုရှားစစ်တပ်ဟာ လက်ရှိဆောင်ရွက်နေဆဲ အကြီးစား စစ်ရေးလေ့ကျင့်မှု ဗိုစတော့ ၂ဝ၁၈ ရဲ့ အစိတ်အပိုင်းအနေနဲ့ ဓာတုလက်နက် တိုက်ခိုက်မှု လေ့ကျင့်ခန်းကို စက်တင်ဘာ ၁၆ ရက်နေ့က လေ့ကျင့်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

ဓာတ်ငွေ့ရှင်းလင်းရေး တင့်ကားတွေထဲက ဓာတုလက်နက်ကာကွယ်ရေး ဝတ်စုံတွေ ဝတ်ထားတဲ့ စစ်သည်တွေရဲ့ပုံကို ပြထားတဲ့ ရုပ်သံကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဖြန့်ချိခဲ့တာပါ။

ဗိုစတော့ ၂ဝ၁၈ စစ်ရေးစွမ်းရည်ပြပွဲဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီးမှာ ကျင်းပတဲ့ အကြီးဆုံးပွဲလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ ဥရောပကြား ဆက်ဆံရေး တင်းမာနေချိန်မှာ စက်တင်ဘာ ၁၇ ရက်နေ့ထိ ဒီပွဲကို ဆင်နွှဲနေတာပါ။

ဆိုက်ဘေးရီးယား အရှေ့စွန်း တရုတ်နယ်စပ်နားမှာ ရုရှားစစ်သည်အင်အား ၃ သိန်း၊ စစ်လေယာဉ်အစီး ၁ ထောင်ကျော်၊ တင့်ကားအစီးရေ ၃ သောင်း ၆ ထောင်တို့ ပါဝင် စစ်ရေးလေ့ကျင့်နေတာ ဖြစ်ပါတယ်။