အမေရိကန်နဲ့ ရုရှားတို့ဟာ ဒီရက်ပိုင်းအတွင်း လက်နက်တွေ အပြိုင်အဆိုင် စမ်းသပ်ခဲ့ကြပါတယ်။

ရုရှားက နျူကလီးယား ထိပ်ဖူးတပ်နိုင်တဲ့ တာတိုပစ်ဒုံးကျည်ကို ပစ်ခတ်စမ်းသပ်ခဲ့ပြီး အမေရိကန်ကတော့ အဆင့်မြင့် ဝေဟင်လွှမ်းခြုံ ဒုံးကျည်ကာကွယ်ရေးစနစ် (THAAD) ကို စမ်းသပ်ခဲ့ပါတယ်။

မော်စကိုမြို့တော် တောင်ဘက် မိုင် ၇၂၀ အကွာက အဲ့စ်ထရာခန်းမြို့နား ကာပတ်စ်တင်ယာ စစ်ရေးလေ့ကျင့်ကွင်းကနေ အစ်စ်ကန်ဒါ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။

ဒုံးကျည်က အမည်မဖော်တဲ့နေရာက မြေပြင်ပစ်မှတ်ကို ထိမှန်ပေါက်ကွဲပုံ ရုပ်သံကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကထုတ်လွှင့်ပါတယ်။

အစ်စ်ကန်ဒါ ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ အကွာအဝေးက မိုင် ၃၀၀ လို့ တရားဝင်ကြေညာ ထားပါတယ်။

ဒီဒုံးကျည်ဟာ ပဲ့ထိန်းဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည် အပါအဝင် ဒုံးကျည်ပုံစံ ၂ မျိုးလုံးကို ပစ်လွှတ်နိုင်ပါတယ်။

အမေရိကန်နိုင်ငံ မာရှယ်ကျွန်းစုက ရေဂင် စမ်းသပ်ကွင်းမှာ အမေရိကန်စစ်တပ်က THAAD ဒုံးခွင်းဒုံးစနစ်ကို ၁၆ ကြိမ် ပစ်ခတ်စမ်းသပ်ချိန်မှာ ၁၆ ကြိမ်မြောက် အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ဒုံးကျည်ကာကွယ်ရေးဌာန ပြောခွင့်ရ မာ့ခ်ရိုက်ထ်က ပြောပါတယ်။

ပစ်မှတ်ကို အောင်အောင်မြင်မြင် ထိမှန်ပုံကို ပြထားတဲ့ ရုပ်သံကိုလည်း အမေရိကန် ကာကွယ်ရေးဌာနက ဖြန့်ချိပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ လက်နက်သစ်စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်တွေကို ဆက်တိုက် ပစ်လွှတ်စမ်းသပ် အပြီး သီတင်းပတ်တချို့ အကြာမှာ အမေရိကန်က ခုလို လေ့ကျင့်ခဲ့တာပါ။

အမေရိကန်ရဲ့ ဒုံးခွင်းဒုံးစနစ်ကို မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ဇွန်လက တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ တွေ့ဆုံအပြီး အလုပ်သဘော ညှိနှိုင်းဆွေးနွေးမယ့် လမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမမဲ့ ခုထိ ဖြစ်မြောက်မလာသေးပါဘူး။