အစ္စရေးနဲ့ အီရန်ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ အစ္စရေးနိုင်ငံရဲ့ စစ်လက်နက်ကုမ္ပဏီကြီး Rafael Advanced Defense Systems က တီထွင်ထုတ်လုပ်ထားတဲ့ ခေတ်မီ ဘန်ကာခွဲဒုံးကျည်ကို အစ္စရေးနိုင်ငံက ထုတ်ဖော်ပြသလာပါတယ်။

ထူထပ်တဲ့ ကာကွယ်ရေးဧရိယာတွေက မြေအောက်အနက်မှာ ရှိနေတဲ့ ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်ဖြစ်ပြီး Rocks ဆိုပြီး နာမည်ပေးထားတဲ့ ဒုံးကျည်ကို အိန္ဒိယ၊ ဘန်ဂလောမှာ ပြုလုပ်တဲ့ Aero India Air Show မှာ ပြသခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ အစောပိုင်းမှာ အီရန်တော်လှန်ရေးအစောင့်တပ်က အကြီးတန်းတပ်မှူးတစ်ဦးဟာ အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့ရင် အစ္စရေးရဲ့ တဲလ်အဗစ်နဲ့ ဟိုင်ဖာမြို့တွေကို မြေပေါ် ပြားပြားဝပ်သွားစေမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အခု ဒုံးကျည်သစ်မှာ ထိုးဖောက်ပေါက်ကွဲနိုင်စွမ်းတဲ့ ဒုံးထိပ်ဖူးတွေ တပ်ဆင်ထားပြီး မြေပြင်ကနေ ဝေဟင် အန္တရာယ်တွေအတွက် ထူထပ်တဲ့ ကာကွယ်ရေးချထားရာ ဧရိယာတွေက မြေပေါ်နဲ့ မြေအောက်ပစ်မှတ်တွေကို ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ Rafael ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဒုံးကျည်ဟာ GPS စနစ်ကို ဖျက်ဆီးနိုင်တဲ့ ရန်သူနယ်မြေတွေမှာတောင် ပုံသေနဲ့ ရွေးလျား ပစ်မှတ် အမျိုးမျိုးတောင် ပစ်ခတ်နိုင်စွမ်းတယ်လို့ ဆိုပါတယ်။ “Rocks မှာ လမ်းညွှန်ပစ်လွှတ်မှုအတွက် INS/GPS တွေ သုံးထားပါတယ်။ Rocks ရဲ့ EO ရှာဖွေရေးစနစ်မှာ ပစ်မှတ်ကို ထောက်လှမ်းမိတာနဲ့ INS/GPS လမ်းညွှန်ချက်နဲ့ ပျံသန်းပါတယ်။ ပစ်မှတ်ကို အနုစိတ် ဖမ်းယူမှုတွေ၊ GPS ဖျက်စနစ်ကို ကျော်လွှားနိုင်မှုတွေဟာ ဒီဒုံးကျည်ရဲ့ စွမ်းဆောင်ရည်တွေပဲ ဖြစ်ပါတယ်။”လို့ Rafael ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“Rocks ဒုံးကျည်ကို ရန်သူရဲ့ လေကြောင်းကာကွယ်ရေးစနစ် လွှမ်းခြုံဧရိယာအလွန်ကနေလည်း ပစ်ခတ်နိုင်ပါတယ်။ ပစ်မှတ်ဆီကို မြင့်မားတဲ့ အရှိန်နှုန်းနဲ့ ဦးတည်သွားနိုင်ပါတယ်။ ဒီအတွက် လေယာဉ်တွေအတွက် ဘေးအန္တရာယ်ကိုလည်း လျှော့ချနိုင်သလို ပစ်မှတ်ကို အောင်အောင်မြင်မြင် ပစ်ခတ်နိုင်မယ့် အခွင့်အရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။”လို့ Rafael မှ အမှုဆောင်ဒုတိယဥက္ကဌနဲ့ မန်နေဂျာချုပ်ဖြစ်သူ ယုဗယ်မီလာက ပြောခဲ့ပါတယ်။

Rf; The Jerusalem Post
Writer_မောင်သံဆင့် ( XYZ Times )

Ads