ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူဦးရေဟာ တနင်္ဂနွေနေ့မှာ ၉၇ ဦးထိမြင့်တက်ခဲ့ပြီး တစ်နေ့တာအတွင်းသေဆုံးမှုအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ယနေ့အထိ သေဆုံးသူစုစုပေါင်း ၉၀၈ ဦးရှိပေမယ့်လည်း တစ်နေ့တာ ကူးစက်မှုနှုန်းဟာ တည်ငြိမ်လျက်ရှိနေပါတယ်။

တရုတ်နိုင်ငံတဝန်းရောဂါကူးစက်ခံရသူပေါင်း ၄၀,၁၇၁ ဦးရှိပြီး စောင့်ကြည့်နေရဆဲလူနာကတော့ ၁၈၇,၅၁၈ ဦးရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၎င်းဗိုင်းရပ်စ်သစ်ကိုစစ်ဆေးဖော်ထုတ်ဖို့အတွက် ပေကျင်းသို့ ကျွမ်းကျင်ပညာရှင်အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့အချက်အလက်များအရ ရောဂါပိုးကူးစက်ခံလူနာ ၃၂၈၁ ဦးကို ဆေးကုသပေး ပြီး ဆေးရုံဆင်းခွင့်ပြုခဲ့ပါတယ်။

တနင်္လာနေ့မှာ သန်းပေါင်းများစွာသောလူတွေဟာ ဗိုင်းရပ်စ်ရောဂါပိုးပျံ့နှံ့မှုကိုထိန်းချုပ်ဖို့အတွက် ဇန်နဝါရီလ ၃၁ ရက်မှတိုးပြီးပိတ်ရက်ပေးခဲ့တဲ့ နှစ်သစ်ကူးပိတ်ရက်အပြီးမှာ အလုပ်ပြန်ဆင်း ခဲ့ကြပါတယ်။ သို့သော် ပုံသေမဟုတ်တဲ့ အလုပ်ချိန်တွေနဲ့ ရွေးပြီးပြန်လည်ဖွင့်လှစ်ထား တဲ့အလုပ်ရုံတွေမှာ ကြိုတင်ကာကွယ်မှုအစီအစဉ်တွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူဦးရေဟာ ၂၀၀၃ က တရုတ်နိုင်ငံမှာစတင်ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း လူ ၇၇၄ ဦးသေဆုံးစေခဲ့တဲ့ ဆားစ်ရောဂါထက် ကျော်လွန်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စနေနေ့မှာပြောကြားခဲ့တာကတော့ တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားမှုအသစ်တွေ တည်ငြိမ်နေပြီဆိုပေမယ့်လည်း ဗိုင်းရပ်စ်ပိုးကိုထိန်းချုပ်နိုင်ပြီလို့ပြောဖို့တော့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ညနေပိုင်းမှာ အဖွဲ့အစည်းက ရောဂါဖြစ်ပွားမှုအပေါ်တုန့်ပြန်ဖို့ ညှိနှိုင်းဆောင်ရွက်အကူအညီပေးရန် အပြည်ပြည်ဆိုင်ရာရောဂါထိန်းချုပ်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။

အဆိုပါဗိုင်းရပ်စ်ကို ဟူဘေးပြည်နယ်၏မြို့တော် ဝူဟန်မြို့မှာစတင်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ၁၁ သန်းသောပြည်သူတွေဟာ မြို့ထဲမှာ ရက်သတ္တပတ်ပေါင်းများစွာပိတ်မိနေခဲ့ပါတယ်။ ၎င်းရောဂါဖြစ်ပွားမှုကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

၎င်းဟာ အခြားနိုင်ငံတွေနဲ့ နယ်မြေအနည်းဆုံး ၂၇ ခုသို့ပျံ့နှံ့ရောက်ရှိ သွားခဲ့ပေမယ့်လည်း အဓိကဖြစ်ပွားတဲ့တရုတ်ပြည်မကြီးရဲ့အပြင်ဘက် ဖိလစ်ပိုင်နဲ့ ဟောင်ကောင်တို့မှာ သေဆုံးသူ ၂ ဦးသာရှိပါသေးတယ်။

ဒီအတောအတွင်း ဟောင်ကောင်ရှိ ရောဂါကူးစက်မှုမရှိစေရန်ခေတ္တထိန်းချုပ်ထားတဲ့ အပျော်စီးသင်္ဘောပေါ်မှခရီးသွားတွေနဲ့ သင်္ဘောအမှုထမ်းတွေကို စမ်းသပ်စစ်ဆေးပြီးနောက် ရောဂါ ကူးစက်မှုမတွေ့ရှိရတာကြောင့် သင်္ဘောခရီးသည်တွေကိုဆင်းခွင့်ပြုခဲ့ပါတယ်။

ယခင်အပျော်စီးသင်္ဘောမှခရီးသည် ၈ ဦး ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် World Dream ကို သီးသန့်ထိန်းသိမ်းထားခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာဆိုက်ကပ်ထားတဲ့ နောက်ထပ်အပျော်စီးသင်္ဘောတစ်စီးကိုတော့ သင်္ဘောပေါ်မှာ ရောဂါကူးစက်မှုများစွာကိုအတည်ပြုခဲ့ပြီးနောက် ဆက်လက်ထိန်းသိမ်းထားရှိဆဲဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ဗိုင်းရပ်စ်ပျံ့နှံ့သွားမှာကိုစိုးရိမ်တာကြောင့် ဆိပ်ကမ်းတွေကိုဝင်ရောက်လာတဲ့ အပျော်စီးသင်္ဘောတွေကို ယာယီပိတ်ပင်ထားခဲ့ပါတယ်။

Ref; BBC News
Writer_Aung Moe ( XYZ News )

Ads