ရုရှားက ကျူးကျော်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ဒေသမှာ လေကြောင်းကာကွယ်ရေးစစ်ရေးလေ့ကျင်မှုအတွင်း S-400 ရုရှားဒုံးကျည်ကာကွယ်ရေးစနစ်ရဲ့ စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်းမှာ မြေပြင်ကနေဝေဟင်ပစ် S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ရဲ့ လှုပ်ရှားမှု နဲ့ဒရုန်းတိုက်ခိုက်မှုတွေကို ခုခံနိုင်တဲ့ စွမ်းရည်ပြသခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

လေ့ကျင့်ရေးလုပ်ငန်းစဉ်မှာ ဖောက်ခွဲရေးပစ္စည်းသယ်ဆောင်လာတဲ့ အတုအယောင်ရန်သူ ဒရုန်းယာဉ်တစီးဟာ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ခြိမ်းခြောက်လာချိန်မှာ အဲဒီဒရုန်းကို အောင်အောင်မြင်မြင် ပြန်လည်တိုက်ထုတ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

ရုရှားဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံဆီကနေ ခရိုင်းမီးယားဒေသကို ကျူးကျော် သိမ်းပိုက်ခဲ့ပြီးနောက် ယူကရိန်း-ရုရှားနှစ်နိုင်ငံဆက်ဆံရေးဟာ စစ်အေးခတ်နောက်ပိုင်း အနိမ့်ဆုံးအခြေအနေကို ကျဆင်းခဲ့ပါတယ်။

ခရိုင်းမီးယားဒေသမှာ ရုရှားဒုံးကျည်ကာကွယ်ရေးစနစ် ချထားမယ့်အစီအစဉ်ကို ၂၀၁၈ ခုနှစ်မှာ ရုရှားအစိုးရက ပထမဆုံး ကြေညာခဲ့ပါတယ်။