တနာရီမိုင် ၁၀၀၀ နှုန်းနဲ့ ပစ်လွှတ်လိုက်တဲ့ ဒုံးယာဉ်လိုအရှိန်ကြောင့် ကိုယ့်ရဲ့ယာဉ်ဟာ ရုတ်တရက် လောင်ကျွမ်းပေါက်ကွဲမယ့် အခြေအနေမျိုးကို အရင်က စဉ်းစားကြည့်ဖူးပါသလား။ ဒါဆိုရင်တော့ ဘလတ်ဒ်ဟောင်းကားကို ကြည့်ကြည့်ရအောင်ပါ။ တပိုင်းက ဂျက်လေယာဉ်၊ တပိုင်းကပြိုင်ကား ပေါင်းစပ်တည်ဆောက်ထားတာမို့ ကမ္ဘာ့အဆင့်အမြင့်ဆုံးနဲ့ အမြန်ဆုံးယာဉ်ပဲ ဖြစ်ပါတယ်။ လန်ဒန်မှာ ကြာသာပတေးနေ့က ပြုလုပ်ခဲ့တဲ့ ပြပွဲမှာ တီထွင်သူ အင်ဂျင်နီယာတဦးက တည်ဆောက်ပုံ အသေးစိတ် အကြောင်းကို ဖက်စပ်လောင်စာသုံး ဒုံးစနစ်ကအစ မမြင်ရတဲ့ အစိတ်အပိုင်းတွေထိ ရှင်းပြခဲ့ပါတယ်။

“ဒါက ဒီကားရဲ့ အဓိကအစိတ်အပိုင်းပါ။ ကားက တနာရီ မိုင် ၃၅၀ နှုန်းထိ ရုတ်ခြည်း ထိုးတက်လာပြီ ဆိုတာနဲ့ ဒီဒုံးစနစ်က တနာရီ မိုင် ၁၀၀၀ ထိရောက်အောင် ကားကို ဆက်တွန်းသွားမှာ ဖြစ်ပါတယ်။”

ဘလတ်ဒ်ဟောင်းမှာ စွမ်းအင်ပေးတဲ့စနစ် ၃ မျိုး ပါပါတယ်။

လေဖိအားသုံး လောင်စာကျွေးစနစ်ပါတဲ့ ဂျာဂွာ ဗွီအိတ် အင်ဂျင်၊ ဖက်စပ်လောင်စာသုံး ဒုံးအင်ဂျင်တွေ၊ ဒီ ရိုးရွိုက်စ် EJ200 ဂျက်အင်ဂျင်ဆိုရင် ယူရိုဖိုက်တာတိုင်ဖွန်း တိုက်လေယာဉ်မှာသုံးတဲ့ အင်ဂျင်ပါ။ ကာဗွန်ဖိုက်ဘာ၊ စတီးလ်နဲ့ အလွိုင်းတွေကို ရှုပ်ထွေးစွာ ပေါင်းစပ်ထုတ်လုပ်ထားတာမို့ ၁ မိနစ်အတွင်း မိုင် ၁၀၀၀ နှုန်းကနေ သုညထိ အရှိန်လျှော့ချတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒီကားက ရပ်ရာကနေ ၅၅ စက္ကန့်အတွင်း မိုင် ၁၀၀၀ နှုန်းထိ အရှိန်တင်နိုင်ပါတယ်။ ဒီကားရဲ့ ဂျက်အင်ဂျင်ဟာ ၃ စက္ကန့်အတွင်း သာမန်အိမ်တလုံးစာရှိတဲ့ လေကို ဆွဲစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအံ့သြစရာ အချက်အလက်တွေ ပါတာမို့ ပရောဂျက်ဒါရိုက်တာ ရစ်ချက်နိုဘယ်လ်ကတော့ ဒီယာဉ်ဟာ ကျောင်းသူ ကျောင်းသားတွေကို အနာဂတ် အင်ဂျင်နီယာလောင်းတွေအဖြစ် တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

“ဗြိတိန်မှာဆိုရင် သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာရှားပါးတဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်ရပါတယ်။ အရင်းစစ်လိုက်ရင် ဒီပြဿနာက မူလတန်းကျောင်းတွေကနေ အရင်းခံတာ တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဖန်တီးနိုင်စွမ်းတွေကို အားပေးတဲ့ သင်ကြားရေး ချို့တဲ့နေလို့ပါ။”

ပေါင် ၁၀ သန်း အလေးချိန်ရှိတဲ့ ဒီကားကို တောင်အာဖရိက သဲကန္တာရကို ပို့မှာဖြစ်ပါတယ်။ ဒီကားကိုမှ ဂျက်တိုက်လေယာဉ်မှူး အန်ဒီဂရင်းက မောင်းနှင်ကာ ကမ္ဘာ့အမြန်ဆုံး စံချိန်ချိုးဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ စိတ်ရှည်ဖို့ လိုပါတယ်။ ယူကေနဲ့ တောင်အာဖရိကမှာ နောက်နှစ်ပိုင်းအထိ စမ်းသပ်မှုတွေလုပ်ဖို့ လိုနေသေးလို့ ဖြစ်ပါတယ်။