ရေဒါနဲ့ လုံးဝနီးပါး မဖမ်းနိုင်တဲ့ တောင်ပံတွေနဲ့အတူ B-2 Spirit ဗုံးကြဲလေယာဉ်ဟာ စစ်လေယာဉ်တွေကြားမှာတော့ မားမားမတ်မတ် ရပ်တည်နေပါတယ်။ တန်ကြေး တစ်စီးကို အမေရိကန်ဒေါ်လာ နှစ် ဘီလီယံ ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးလည်း ဖြစ်ပါတယ်။

စစ်အေးခေတ်ရဲ့ ထုတ်ကုန် ဒီ B-2 လေယာဉ်တွေဟာ မူလက ဆိုဗီယက်ရဲ့ လေကြောင်းကာကွယ်ရေးကို ထိုးဖောက်ကျော်လွှားနိုင်အောင်နဲ့ သမရိုးကျနဲ့ နျူကလီးယားလက်နက်တွေ သယ်ဆောင်နိုင်အောင် ဒီဇိုင်းထုတ် တည်ဆောက်ခဲ့တာပါ။

ဒါပေမယ့် လွန်ခဲ့သော နှစ် ၃၀ ကျော် ၁၉၈၉ က ပထမဆုံး ပျံသန်းပြီး အချိန်ပိုင်းမှာပဲ ဘာလင်တံတိုင်း ပြိုကျမှုနဲ့အတူ စစ်အေးတိုက်ပွဲ အဆုံးသတ်သွားပြီး B-2 လေယာဉ်တွေလည်း ရုရှဝေဟင်မှာ ပျံသန်းခြင်း မရှိတော့ပါဘူး။

ဒါပေမယ့်လည်း B-2 လေယာဉ်တွေဟာ တိုက်ခိုက်ရေးတာဝန်ကိုပါ ခွဲဝေယူလာတော့ပါတယ်။ ၁၉၉၃ မှာ ပထမဆုံး B-2 လေယာဉ်ကို တပ်စုတွေ အခြေစိုက်ထားပြီး အော်ပရေးရှင်းတွေ လုပ်ဆောင်နေဆဲ ဖြစ်တဲ့ မီဆိုရီပြည်နယ်က ဝှိုက်မန်းလေတပ်အခြေစိုက်စခန်းဆီ ပို့ဆောင်ခဲ့ပါတယ်။ ၁၉၉၉ ကိုဆိုဗိုစစ်ပွဲမှာ B-2 လေယာဉ်တွေဟာ ပထမဆုံးတိုက်ခိုက်ရေးတာဝန်ကို ထမ်းဆောင်ပါတယ်။

ရှိဆဲ ပျံသန်းရေးယာဉ်တွေမှာ ဈေးအကြီးဆုံးဖြစ်တဲ့ B-2 လေယာဉ်ဟာ ကမ္ဘာက ဘယ်နေရာမဆို ဝေဟင်မှာ ဆီဖြည့်ရင်း ပျံသန်းနိုင်ပြီး အခြေစိုက်စခန်းဆီ ပြန်လာနိုင်ပါတယ်။ တိုက်ပွဲမှာ B-2 လေယာဉ် ပျောက်ဆုံးသွားတာမျိုးလည်း ဘယ်တုန်းကမှ မရှိပါဘူး။

“ဒီ လေယာဉ်တွေဟာ အခြား ဘယ်‌လေယာဉ်နဲ့ ဒီဇိုင်းပုံစံ လုံးလုံး မတူပါဘူး။”လို့ B-2 နဲ့ လေကြောင်းအာကာသပညာရှင် ရီဘတ်ကာဂရန့်က တယ်လီဖုန်းအင်တာဗျူးမှာ ပြောပါတယ်။

“လေယာဉ်မှူးအခန်းကနေ ကြည့်မယ်ဆို ပျံသန်းတောင်ပံတွေဟာ တော်တော်လေးကို ကွဲပြားခြားနားတာကို မြင်တွေ့ရမှာ ဖြစ်တယ်။ တကယ့် စပယ်ရှယ်ပဲ။ အခြားပုံမှန်လေယာဉ်တွေထက် အာရုံခံစွမ်း ပိုမြင့်မားတယ်။ B-2 တွေဟာ ပြိုင်စံရှားတွေဖြစ်တယ်လို့ ကောလဟလ ပြောဆိုနေတာတွေဟာ တကယ့်ကို မှန်နိုင်ကောင်းပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

Rf; CNN
Writer_ မောင်သံဆင့်(XYZ News)

Ads