ဆီးရီးယားမှာ ရုရှဟာ အမေရိကန်ကို အကဲစမ်းနေတယ်လို့ အမေရိကန်ထိပ်တန်းတပ်မှူးတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ရေနံလုပ်ကွက်တစ်ခုဆီ ရုရှတပ်တွေ မရောက်လာအောင် အမေရိကန်တပ်တွေက ပိတ်ဆို့ခဲ့ပြီးနောက်တစ်နေ့မှာ ပင်တဂွန်မှာ သတင်းထောက်တွေကို ကန်လေတပ်ဗိုလ်မှူးချုပ် အဲလ်လက်စ်ဂရိုင်ကီဝစ်က ပြောတာပါ။

ဆီးရီးယား မြေပြင်မှာ အမေရိကန်နဲ့ ရုရှဟာ မတူညီတဲ့ တိုက်ပွဲတွေ ရှိနေတာဖြစ်ကြောင်း၊ ရုရှတပ်တွေအနေနဲ့ ရန်စတဲ့ လုပ်ရပ်မျိုးကို ရှောင်ဖို့ သတိပေးကြောင်း ၎င်းက ပြောလိုက်တာ ဖြစ်ပါတယ်။

ဟာဆာခက်ပြည်နယ် ရူမီယာလာမြို့နားက ရေနံလုပ်ကွက်ဆီ ဦးတည်လာတဲ့ ရုရှစစ်ယာဉ်တန်းကို အမေရိကန်စစ်သားတွေက ရပ်တန့်ခဲ့ရတဲ့ ဖြစ်စဉ်အပြီး ၎င်းက ပြောဆိုသတိပေးလာတာပဲ ဖြစ်ပါတယ်။

အမေရိကန်ကို ရုရှတပ်တွေအနေနဲ့ အကဲစမ်းနေသလားလို့ မေးခွန်းထုတ်ရင်း ဗိုလ်မှူးချုပ် ဂရိုင်ကီဝစ်က “ရုရှတွေဟာ ကျွန်တော်တို့ကို အမြဲတမ်း အကဲစမ်းနေတော့တယ်လို့ ကျွန်တော် ထင်တယ်။”လို့ ပြောပါတယ်။

ရေနံမြေလုပ်ကွက်မှာ ရုရှတပ်တွေကို အမေရိကန်က အဝင်မခံတဲ့ ဖြစ်စဉ်မှာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့ပေမယ့် နှစ်ဖက်ကြား ပစ်ခတ်တာ၊ တိုက်ခိုက်တာမျိုး မရှိဘဲ ပြေလည်သွားခဲ့တာပါ။

“ကျွန်တော်တို့ သတင်းစကားပါးလိုတာက အခြေအနေတွေကို တင်းမာမှု လျှော့ချရေးပဲ ဖြစ်တယ်။ ဘယ်လို ရန်စတာမျိုးမှ မလုပ်သလို ရုရှတွေကိုလည်း ကျင့်ဝတ်စောင့်ထိန်းဖို့ တိုက်တွန်းတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

Rf; AA.com
Writer_ မောင်သံဆင့်(XYZ News)

Ads