လေယာဉ်တွေကို သဘောကျသူတွေအတွက်တော့ စိတ်ရှုပ်စရာ မေးခွန်းဖြစ်မှာပါပဲ။ ဒါပေမယ့်လည်း သိတော့သိသင့်တဲ့ မေးခွန်းပါ။ ဘာကြောင့်များ လေယာဉ်ပျံတွေက ပြတင်းပေါက်တွေဟာ လူနေအိမ်တွေက ပြတင်းပေါက်တွေလို လေးထောင့်ပုံ မရှိဘဲ အဝိုင်းပုံ သေးငယ်တဲ့ ပြတင်းပေါက်တွေ ဖြစ်နေရတာလဲ။

လေယာဉ် ပျံတက်ချိန်နဲ့ ဆင်းသက်ချိန်တွေမှာ ပြတင်းပေါက်က လိုက်ကာကို ဘာကြောင့် မတင်ရတာပါလဲ။

ကောင်းပြီ၊ ခုကတော့ အဖြေတစ်ချို့ ပေးရမယ့် အချိန်ပါပဲ။ ထောင့်ချိုးမရှိတဲ့ လေယာဉ်ပြတင်းပေါက်တွေ အကြောင်းပေါ့။ ကဲ၊ စရမယ်ဆို ၁၉၂၀ ခုနှစ်တွေဆီ လည်ပြန်ကြည့်ရင် လေယာဉ်ပျံတွေ ကောင်းကင်မှာ ပျံဝဲနေပြီဖြစ်ပေမယ့် စီးပွားဖြစ် လေကြောင်းခရီးစဉ်တွေကတော့ ၁၉၅၀ ခုနှစ်တွေအထိ သိပ်ပြီး မထွန်းကားသေးပါ။

၁၉၅၀ ခုနှစ်တွေမှာတော့ လေယာဉ်တွေဟာ ဝေဟင် တော်တော်အမြင့်မှာ ပျံဝဲလာနိုင်ပါပြီ။ ဒီအတွက် ဝေဟင် ပိတ်ဆီးမှု နည်းပါးလာသလို လောင်စာလည်း သုံးရတာ နည်းတာကြောင့် လေကြောင်းလိုင်းတွေအတွက် ငွေကြေးတွက်ခြေကိုက်တဲ့ ပျံသန်းမှုတွေပဲ ဖြစ်လာပါတော့တယ်။

ခုလို ဖွံ့ဖြိုးမှုသစ်ရဲ့ အနှုတ်လက္ခဏာလည်း ရှိနေပါတယ်။ လေယာဉ်ကိုယ်ထည်ကို လေထုဖိအားနဲ့ ညီအောင် တည်ဆောက်ရတာ အပြင် ပေ ၃၀၀၀၀ အမြင့်ရောက်ရင် ခရီးသည်တွေ အသက်မရှုနိုင်ကြတော့တာ ဖြစ်ပါတယ်။ ဒီလို ဖြစ်တဲ့အတွက် ခရီးသည်တွေအနေနဲ့ မျက်လှည့်ဆရာ နှစ်ဦးနဲ့ လူရွှင်တော်တွေရဲ့ လေယာဉ်ပေါ်က ဖျော်ဖြေမှုတွေကို မခံစားနိုင် ဖြစ်ရပါတယ်။

ဒါတင်ပဲလားဆိုတော့ မကသေးပါ။ အစောပိုင်း သေတ္တာပုံ လေယာဉ်တွေဟာ ဖိအားဒဏ်တွေကို ခံနိုင်ရည် မရှိပါ။ ဒါကြောင့် အင်ဂျင်နီယာတွေဟာ ဆလင်ဒါပုံ လေယာဉ်ပုံစံတွေကို တည်ဆောက်လာရပါတယ်။ ဒါပေမယ့် ခုလို အဆင့်မြှင့် တည်ဆောက်လိုက်ပေမယ့်လည်း လေယာဉ် ပြတင်းပေါက်တွေကိုတော့ လေးထောင့်ပုံပဲ ဆက်ထားတာ ဖြစ်ပါတယ်။ ဒါဟာ မသိလိုက်ရတဲ့ တကယ့်အမှားကြီး တစ်ခုပါပဲ။

အဲဒီ လေးထောင်ပြတင်းပေါက်တွေကြောင့်ပဲ လေယာဉ်တစ်ချို့ ဝေဟင်ထဲမှာ ပျက်စီးမှု ဖြစ်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ လေဖိအားဟာ ပြတင်းပေါက်တွေရဲ့ ထောင့်တွေမှာ သက်ရောက်မှုကြီးပြီး အဲဒီနေရာတွေဟာ တကယ့်ကို အားနည်းချက် ပျော့ကွက် ဖြစ်နေတော့တာပါ။

လေးထောင့်ပြတင်းပေါက်ဖြစ်တာကြောင့် ထောင့်လေးထောင့်ဟာ ဖိအားစုပြုံသက်ရောက်မှုရဲ့ အားနည်းချက်ပါပဲ။ လေယာဉ်ကိုယ်တွင်းက ဖိအားနဲ့အတူ ပြင်ပက ဖိအားက ပြတင်းပေါက် ထောင့်လေးထောင်မှာ သက်ရောက်မှုကြီးလို့ ပျက်စီးပြိုကွဲမှု ဖြစ်ရတော့တာ ဖြစ်ပါတယ်။

ကံကောင်းထောက်မစွာပဲ၊ လေယာဉ်ပျံတွေမှာ ဒီပြဿနာကို လုံးလုံး ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါကတော့ ပြတင်းပေါက်တွေကို လေးထောင့်ပုံ မလုပ်ဘဲ အလုံးအဝိုင်းပုံအဖြစ် ပြောင်းလဲလိုက်တာပါ။

ဒီအတွက်ကြောင့် ဖိအားသက်ရောက်မှုဟာ ထောင့်မှာ စုပုံတာမျိုးမရှိတော့ဘဲ ပြန့်ကျဲသွားတာကြောင့် ပြတင်းပေါက်တွေကို ပြင်ပဖိအားသက်ရောက်မှု လျော့ကျသွားခဲ့ပြီး ပျက်စီးကျိုးပဲ့တာမျိုးတွေ မရှိတော့တာပဲ ဖြစ်ပါတယ်။

ခုလို ပြဿနာကို တွေ့ရှိပြီး ဖြေရှင်းလိုက်နိုင်တယ်ဆိုတာကတော့ စိတ်ချမ်းသာစရာ သတင်းပါပဲ။

ဒါပေမယ့် ပြတင်းလိုက်ကာတွေ အကြောင်းကရော ဘယ်လိုမျိုးပါလဲ။

လေယာဉ် ပျံတက်ချိန်နဲ့ ဆင်းသက်ချိန်တွေမှာ ပြတင်းလိုက်ကာတွေကို ဘာကြောင့် မတင်ထားရတာလဲ။

ခရီးသည်တစ်ဦးအနေနဲ့တော့ လေယာဉ်ပေါ်မှာ အိပ်စက်ငိုက်မျဉ်းချင် ငိုက်မျဉ်းပါလိမ့်မယ်။ ပြတင်းလိုက်ကာတွေသာ တင်ထားရင် နေရောင်က မျက်စိကို စူးနေစေမှာပါ။ ဒါပေမယ့် ဒီ လိုက်ကာကို မချလိုက်ပါနဲ့။ လေယာဉ်ပျံတက်ချိန်နဲ့ ဆင်းသက်ချိန်တွေမှာ ပြတင်းလိုက်ကာတွေကို မပိတ်ထားပါနဲ့။ ဖွင့်ထားရမှာ ဖြစ်ပါတယ်။

ဒါဟာ လုံခြံုဘေးကင်းရေးအတွက်ကြောင့်ပါပဲ။ လေယာဉ်အဆင်းအတက်မှာ လေယာဉ်အမှုထမ်းတွေအနေနဲ့ ပြင်ဖက်ကို မြင်တွေ့နေဖို့ လိုပါတယ်။ လိုက်ကာတွေ ချထားမယ်ဆို အပြင်ကို မြင်ရမှာ မဟုတ်ပါ။ လေယာဉ် အဆင်းအတက်မှာ မတော်တဆမှုတွေ ဖြစ်တတ်တာကြောင့် လေယာဉ်ပြင်ဖက်မှာ ဘာဖြစ်နေတယ်ဆိုတာ အမှုထမ်းတွေ တွေ့နိုင်မြင်နိုင်ဖို့က တကယ်ကို အရေးကြီးတာပဲ ဖြစ်ပါတယ်။

ဒီလို ဖွင့်ထားမှ အရေးအကြောင်းကြံုရင် အမှုထမ်းတွေအနေနဲ့ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ပြီး ခရီးသည်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းတာတွေကို မြန်မြန်ဆန်ဆန် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင်လည်း အလင်းရောင် အပြောင်းအလဲကြောင့် ခရီးသည်တွေ မျက်စိစူးသွားမျိုး မဖြစ်ရအောင်လည်း ခုလို လိုက်ကာတွေကို အဆင်းအတက်မှာ ဖွင့်ခိုင်းရတာပါ။

လိုက်ကာဖွင့်လိုက်တာကြောင့် အပြင်အလင်းရောင်ကို မျက်စိကျင့်သားရပြီး လေယာဉ်က အထွက် ပြင်ပအလင်းရောင်နဲ့ ထိတွေ့ချိန်မှာ မျက်စိကျိန်းတာမျိုးတွေ ဖြစ်နိုင်တော့မှာ မဟုတ်ပါ။ ညပိုင်း ဆင်းသက်တဲ့ လေယာဉ်တွေမှာဆိုရင်လည်း ဒီသဘောပါပဲ။ ညအလင်းရောင်နဲ့ ကျင့်သားရအောင် ပြတင်းလိုက်ကာတွေ ဖွင့်ရတာပဲ ဖြစ်ပါတယ်။

ကောင်းပါပြီ၊ လေယာဉ်ပျံသန်းစဉ် အဆင်းအတက်လို အချိန်မျိုးမှာ ပြတင်းလိုက်ကာကို ဖွင့်ထားတယ်ဆိုတဲ့ အချက်ကို လက်ခံနိုင်ပြီဆိုပေမယ့်လည်း ပြတင်းပေါက်ရဲ့ အနေအထားဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဘာလဲဆိုတော့ ပြတင်းပေါက်တွေဟာ ထိုင်နေတဲ့ ခရီးသည်ရဲ့ ခေါင်းပိုင်းနဲ့ တပြေးတည်းမရှိဘဲ ပိုနိမ့်နေတာပါ။

ဒါကြောင့် အပြင်ကို ကြည့်ရင် ငုံကိုင်းပြီး ကြည့်ရပါတယ်။ ဒါဟာ ပြောချင်ဆိုချင်စရာ ကောင်းတဲ့ တည်ဆောက်မှုလို့ပဲ ဆိုဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီ ပြတင်းပေါက်တွေကို ခပ်နိမ့်နိမ့် ထားရတဲ့အကြောင်းရင်းကို သိရင် အံ့သြသွားလိမ့်မယ်။ ထပ်ပြီး အံ့သြသွားလိမ့်မယ်။

ဒါဟာလည်း လုံခြံုဘေးကင်းရေးအတွက်ပဲ ဖြစ်တယ်။ လေယာဉ်ပြတင်းပေါက်တွေကို အနိမ့်မှာ ထားတာဟာ လေယာဉ်ထုတ်လုပ်သူတွေက ဖိအားကို ထိန်းညှိတာပါ။ အပေါ်အောက်ဖိအား နှစ်ရပ် အလယ်တည့်တည့်မှာ ပြတင်းပေါက်တွေကို ထားရှိတာပဲ ဖြစ်ပါတယ်။

တစ်ချက်လောက် ကြည့်ရအောင်၊ ခရီးသည်တင်လေယာဉ်ရဲ့ ကြမ်းခင်းဟာ အမှန်တော့ လေယာဉ်ရဲ့ အောက်ဝမ်းဗိုက်နဲ့ ကပ်လျက် အပေါ်မှာ ရှိတာ မဟုတ်ပါ။ ပြတင်းပေါက်တွေကို ခပ်မြင့်မြင့် ထားမယ်ဆိုရင် လေယာဉ်အမိုးနဲ့ နီးကပ်သွားမှာပါ။ ဒီကျရင် အပေါ်အောက် ဖိအားအလယ်မှာ ထားတဲ့ ချိန်ညှိချက် ပျက်သွားတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြတင်းပေါက်တွေကို လေယာဉ်ကိုယ်ထည်ရဲ့ အလယ်ကျကျမှာ ထားကြတာပဲ ဖြစ်ပါတယ်။

ဒါကို သဘောပေါက်ပြီဆိုရင် ပြတင်းပေါက်ရဲ့ အရွယ်အစား၊ ခပ်သေးသေး ပြတင်းပေါက်ကြောင့် လူကို ကိုယ်ကိုကို ကိုယ်ခန္ဓာကြီးတယ် ထင်စေတဲ့အကြောင်း၊ ဘာကြောင့် လေယာဉ်ပြတင်းပေါက်တွေ ခပ်သေးသေး ရှိရသလဲ စတာတွေက မေးခွန်းတွေအဖြစ် ရှိနေပါသေးတယ်။

ဒါဟာလည်း လုံခြံုဘေးကင်းရေးအတွက်ပါပဲ။

ပြတင်းပေါက်တွေ ကြီးရင် လေယာဉ်ရဲ့ ကိုယ်ထည်ကို အားနည်းမှု ဖြစ်စေပါတယ်။ လေယာဉ်ကိုယ်ထည် မခိုင်ခံဘဲ ဖိအားသက်ရောက်မှု ကြံုရင် လေယာဉ်ဟာ ကျိုးပဲ့ပျက်စီးသွားမှာ ဖြစ်ပါတယ်။ သေးငယ်တဲ့ ပြတင်းပေါက်တွေကပဲ လေယာဉ်ရဲ့ ကိုယ်ထည် ခိုင်ခံမှုကို ဆက်လက်ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြတင်းပေါက်ကို တစ်ကိုယ်စာ သေးငယ်အောင် ပြုလုပ်ထားတာ နောက်ထပ်အကြောင်းပြချက် ရှိပါသေးတယ်။ ပြောကြည့်ကြပါစို့၊ မထင်မှတ်ထားတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ရင်ပေါ့။ လေယာဉ်ဟာ ပေ သုံးသောင်းခွဲအမြင့်မှာ ပျံသန်းနေတဲ့အချိန် ပြတင်းပေါက်တစ်ခု ကျိုးပဲ့သွားတာမျိုး ကြံုရတယ်ဆိုရင်ပေါ့။

ဒီ ပြတင်းပေါက်နားက ခရီးသည်ဟာ ပြင်ပလေက စုပ်ယူတာကို ခံရပြီး ချက်ချင်းပဲ လေယာဉ်ထဲကနေ အပြင်ကို လွင့်ထွက်သွားမှာ ဖြစ်ပါတယ်။ ကျန်ခရီးသည်တွေရဲ့ အသက်ဟာလည်း ဖက်နဲ့ ထုပ်ထားရတဲ့ ပမာ ဖြစ်နေမှာပါ။

အဲဒီ ကွဲထွက်သွားတဲ့ ပြတင်းပေါက်ကနေ အောက်ဆီဂျင်တွေ အပြင်ကို ထွက်သွားမှာ ဖြစ်ပြီး လေယာဉ်အတွင်းပိုင်းမှာ ဖိအားကျဆင်းမှု ဖြစ်လာမှာ ဖြစ်ပါတယ်။ ခရီးသည်တွေအနေနဲ့ အောက်ဆီဂျင်မျက်နှာဖုံးတွေ တပ်ထားတဲ့တိုင်အောင် ဒီ အခြေအနေမျိုးမှာ ရေရှည် နေနိုင်မှာ မဟုတ်ပါ။

အဲဒီကျရင် လေယာဉ်မှူးတွေဟာ လေယာဉ်ကို ပေ တစ်သောင်းအထိ ထိုးဆင်းမှာ ဖြစ်ပါတယ်။ ဒီလို ပေ တစ်သောင်းရောက်မှာ အားလုံးဟာ အောက်ဆီဂျင်မျက်နှာဖုံးမလိုပဲ ပုံမှန်အတိုင်း အသက်ရှုနိုင်မှာပါ။ ဒါဟာ လေယာဉ်မှာ ပြတင်းပေါက် သေးသေးပဲထားပြီး ကွဲထွက်သွားတဲ့အချိန် ကြံုရမယ့် ဘေးပါ။

တကယ်လို့သာ ပြတင်ပေါက် ကြီးကြီး ထားရင်တော့ လေယာဉ်တွင်းက ဖိအားဟာ မြန်မြန်ဆန်ဆန်ပဲ ကျဆင်းသွားမှာပါ။ ဒီကျရင် လေယာဉ်မှူးတွေဟာ ဘေးကင်းမယ့် အမြင့်ပေ ပေ တစ်သောင်းဆီ ထိုးဆင်းလို့ ရတော့မှာ မဟုတ်ပါ။ ဒီလို ဖြစ်ရင် နောက်ဆက်တွဲကတော့ ကိုယ်တိုင်ပဲ တွေးကြည့်ကြပါ။

လေယာဉ်မှူးအခန်းက ပြတင်းပေါက်တွေ ဘာကြောင့် ပိုကြီးရတာလဲ။

ဒါကတော့ လေယာဉ်မှူးတွေအတွက် သီးသန့် လုပ်ဆောင်ပေးထားရတာပါ။ လေယာဉ်မှူးတွေအနေနဲ့ သူတို့ ပတ်လည်မှာ ဘာတွေ ဖြစ်နေတယ်၊ ဘယ်ဆီကို သွားနေတယ်ဆိုတာကို သိဖို့ လိုကြပါတယ်။ ဒီအတွက် လေယာဉ်ထုတ်လုပ်သူတွေဟာ လေယာဉ်မှူးခန်းက ပြတင်းပေါက်တွေကို ကြီးကြီးမားမား ပြတင်းပေါက်တွေအဖြစ် ဒီဇိုင်းဆင် ထုတ်လုပ်ပါတယ်။

အရွယ်အစား ပုံစံကလည်း ပြည့်ပြည့်စုံစုံဖြစ်သလို မှန်ရဲ့ ထုကလည်း ပိုပြီး ထူပါတယ်။ မြင်ကွင်းကျယ် ပြတင်းပေါက်တွေ ဖြစ်ပေမယ့်လည်း လေယာဉ်မှူးခန်း လေကာတွေက မတူညီတဲ့ ဖိအားဒဏ်ကို မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိပါတယ်။ ငှက်အုပ်နဲ့ တိုက်မိတဲ့ မတော်တဆလိုမျိုးတွေကို ခံနိုင်ရည်ရှိတဲ့ မှန်သားတွေပဲ ဖြစ်ပါတယ်။

မကြာသေးခင်အထိ ခရီးသည်တင်လေယာဉ်တိုင်းဟာ ဘယ်ဖက်ခြမ်းမှာပဲ တံခါးတွေ ရှိတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အကြောင်းပြချက်တွေ ရှိနေပါတယ်။ ပထမအကြောင်းပြချက်ကတော့ လေယာဉ်မှူးဟာ ထုံးစံအားဖြင့် ဘယ်ဖက်ခြမ်းမှာ ထိုင်ပါတယ်။

တံခါးတွေက သူ ထိုင်တဲ့ဖက်ခြမ်းမှာ ရှိပါမှ ဆိုက်ရောက်အဆင်းတံတားနဲ့ တံခါးပေါက်ကို တစ်ပြေးတည်း တန်းရာမှာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါအပြင်လည်း လေယာဉ်တောင်ပံနဲ့ ဆိုက်ရောက်အဆောက်အအုံကြား အကွာအဝေးကိုလည်း ကြည့်ရှုမှန်းဆပြီး ဆိုက်ရောက်တံခါးရှေ့ လေယာဉ်ကို ရပ်တန့်စေနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ လေယာဉ်အမှုထမ်းတွေဟာ ညာဖက်ခြမ်းမှာ လေယာဉ်ကို ဆီဖြည့်နေချိန် ခရီးသည်တွေအတွက် လေယာဉ်ပေါ် တက်ရောက်ဖို့ ဘယ်ဖက်ခြမ်းမှာ တံခါးကို ထားထားတာကြောင့် သူတို့ရဲ့ ဆီဖြည့်တာစတဲ့ လုပ်ဆောင်ချက်တွေကို သီးခြားလုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။ ၀န်စည်စလွယ်တွေကိုလည်း ညာဖက်ခြမ်းကနေပဲ တင်ကြတာ ဖြစ်ပါတယ်။

တံခါးပေါက်နဲ့ ပတ်သက်တဲ့ နောက်ထပ် မေးခွန်းတစ်ခုကတော့ jumbo jets လေယာဉ်ကြီးတွေမှာ တံခါးပေါက်ဟာ အတွင်းကို ဆွဲဖွင့်ရတဲ့ တံခါးပဲ ဘာကြောင့် အမြဲတပ်ဆင်ထားသလဲဆိုတဲ့ မေးခွန်းပါ။

အရိပ်အမြွက်ပြတဲ့ အဖြေကတော့ ဒီ တံခါးတွေကို ပလပ်ပေါက်တံခါးတွေလို့ ခေါ်ကြပါတယ်။ ဒီ တံခါးတွေဟာ လေယာဉ်ပြင်ဖက်နဲ့ အတွင်းပိုင်း မတူညီတဲ့ဖိအားကို ကြားခံပြီး ချိတ်ပိတ်ထားတဲ့ တံခါးတွေပဲ ဖြစ်ပါတယ်။

သိထားတဲ့အတိုင်း လေယာဉ်အတွင်းပိုင်း ဖိအားဟာ ပြင်ပဖိအားထက် အများကြီး ပိုမိုဖိအားများပါတယ်။ ဒီ ဖိအားက တံခါးကို အတွင်းကနေ ကန်ထားတဲ့သဘော သက်ရောက်ပြီး ဖိအားခြင်း ညီမျှတော့မှ ဖွင့်နိုင်အောင် လုပ်ဆောင်ထားတဲ့ တံခါးတွေပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ရှင်းပြရင် ဒီ ပတ္တာတပ် တံခါးတွေဟာ ဖိအားနဲ့ ဓာတ်ငွေ့ ဆက်စပ်မှုကို ရှင်းပြထားတဲ့ Boyle’s Law သီအိုရီအပေါ်မှာ အခြေခံပြီး တီထွင်ထားတာပါ။ လေယာဉ်ဟာ ဝေဟင်လယ်မှာ ရောက်နေချိန် ဘယ်လို ခရီးသည်တစ်ဦးကမှ ဒီ တံခါးတွေကို ဆွဲမဖွင့်နိုင်ပါ။

ကိုယ်ထည်တွင်း ဖိအားက တံခါးပေါ် သက်ရောက်နေတာဖြစ်ပြီး တံခါးရဲ့ တစ်စတုရန်းလက်မမှာ ဖိအားသက်ရောက်မှုက ခြောက်ပေါင်တောင် ရှိနေတာ ဖြစ်ပါတယ်။ တကယ်လို့ ဖွင့်မယ်ဆိုရင်တော့ ဖွင့်မယ်သူအနေနဲ့ ပေါင်ချိန် ထောင်နဲ့ချီပြီးကို မနိုင်တဲ့သူ ဖြစ်မှပဲ ဖွင့်နိုင်မှာပါ။ ဘယ်လို လူသားတစ်ဦးကမှ ဒီအလေးချိန်ကို မနိုင်ပါ။ လူသန်ကြီး hulk ဆိုရင်တော့ ဖွင့်နိုင်လောက်တာပေါ့။

နောက်ထပ်တစ်ချက်ကတော့ လေယာဉ်ပေါ်မှာ ထိုင်ခုံချင်း တူတာတောင် ဇိမ်ရှိတာချင်း မတူတဲ့အကြောင်း ပြောလိုပါတယ်။ လေယာဉ်မှာ နောက်ကျောပေး ထိုင်ခုံတွေဟာ ပုံမှန် ရှေ့လှည့်ထိုင်ခုံတွေထက် ပိုပြီး ဘေးကင်းတယ်လို့ တွေ့ရှိပါတယ်။

ဘာကြောင့်လည်းဆိုတော့ အနောက်ကို မျက်နှာမူတဲ့ ထိုင်ခုံတွေဟာ ခရီးသည်ရဲ့ လည်ပင်း၊ ဦးခေါင်းနဲ့ ကျောတွေကို ပိုပြီး ထောက်ကန်ပေးနိုင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းတွေဟာ ဒီလို ပိုပြီး သက်သောင့်သက်သာ ရှိတဲ့ ထိုင်ခုံ ခင်းကျင်းမှုကို ဘာလို့ အစားထိုး မလဲလှယ်ရသလဲ။

ပထမအချက်ကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ဓလေ့အကျင့်ကြောင့်ပါ။ လေယာဉ်ထဲ ၀င်သွားပြီး လျှောက်လမ်းမှာ လျှောက်တဲ့အခါ ထိုင်ခုံတွေကို မျက်နှာချင်းဆိုင်နေရတာက စိတ်ရှုပ်စရာ ဖြစ်မှာပါ။ ဒီလို ဖြစ်နိုင်တာကို တွေးထင်မိသလား။

ဒါပေမယ့် အဓိကအကြောင်းရင်းကတော့ ကုန်ကျစရိတ်ကြောင့်ပါပဲ။ ထိုင်ခုံတွေကို အသစ်ပြန်တပ်ရမယ်ဆိုရင် စရိတ်စိုက်ထုတ်ရတော့မယ်လေ။ ဒါကြောင့်ပါပဲ။ နောက်တစ်ချက်ကတော့ နောက်ကျော်ပေး ထိုင်ခုံတွေ တပ်ဆင်ပေးတာဟာ လေယာဉ်ရဲ့ မြေဆွဲအား စုံမှတ်ကို ပိုပြီး မြင့်မားစေပါတယ်။

ဆွဲအားဆုံမှာဟာ ကျောပေးထိုင်ခုံတွေပေါ် ပိုသက်ရောက်ပြီး လေယာဉ်ရဲ့ အလေးချိန် ပိုလာစေပြီး ဆီစားလည်း ပိုများတာကြောင့် လေကြောင်းလိုင်းတွေအနေနဲ့ ပိုက်ဆံပို စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ အဲဒီ အကျိုးဆက်အဖြစ် တစ်ဖက်မှာ ခရီးသည်တွေရဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံ ပိုထွက်စရာ ဖြစ်တော့ပါတယ်။

ကျောပေးထိုင်ခုံပါရှိတဲ့ လေယာဉ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီ ကျောပေးထိုင်ခုံအတွက် ဘွတ်ကင်ဖြတ်မယ်ဆိုရင် ပိုက်ဆံပိုပေးရတော့တာပါ။ ဥပမာအနေနဲ့ British Airways၊ Ethihad နဲ့ American Airlines လေကြောင်းလိုင်းတွေဟာ ကျောပေးထိုင်ခုံတွေ ထားရှိပြီး ၀န်ဆောင်မှု ပေးပါတယ်။

ပျံသန်းမှုလမ်းကြောင်းနဲ့ ပြောင်းပြန်ထိုင်ရတဲ့ ကျောပေးထိုင်ခုံမှာ ထိုင်လို့ မအီမသာ ဖြစ်တယ်ဆိုရင်လည်း စိုးရိမ်စရာ မလိုပါဘူး။ ဘတ်စ်ကားတွေ၊ ရထားတွေမှာ ကျောပေးထိုင်ခုံနဲ့ ထိုင်ခဲ့ရတဲ့အတိုင်းပဲ ဖြစ်တာကြောင့် စိုးရိမ်မှု မရှိဘဲ စီးနင်းလိုက်ပါနိုင်မှာ ဖြစ်ပါတယ်။

လေယာဉ်ပျံတွေနဲ့ ပတ်သက်ပြီး နောက်ထပ် သိချင်တာရှိရင်တော့ ကွန့်မန်မှာ ရေးသားမေးမြန်းခဲ့ပါ။ နောက်ဗီဒီယိုတွေကျရင် ဒီ မေးခွန်းတွေကို ဖြေဆိုပေးသွားမှာ ဖြစ်ပါတယ်။

Rf; Bright Side
Writer_ မောင်သံဆင့်(XYZ News)

Ads