အရှေ့အလယ်ပိုင်းက ဒေသတွင်း တင်းမာမှုများက ကမ္ဘာစစ်ကြီးအထိ ဖြစ်လာနိုင်ကြောင်း ရုရှသမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။

မော်စကိုမှာ ပြုလုပ်တဲ့ ဗဟိုဦးစီးညီလာခံမှာ မိန့်ခွန်းပြောရာမှာ နိုင်ငံတကာ လုံခြုံရေး၊ တည်ငြိမ်ရေးတို့အတွက် အလေးအနက် ဆွေးနွေးပြောဆိုမှုတွေ လိုအပ်နေပြီး အထူးသဖြင့် နျူကလီးယားလက်နက်ပိုင် ငါးနိုင်ငံအနေနဲ့ လူသားမျိုးနွယ်ဖွံ့ဖြိုးမှုအတွက် တာဝန်ခံထားရမှာ ဖြစ်တယ်လို့ ပူတင်က ဆိုပါတယ်။

“ဒေသတွင်း တင်းမာမှုတွေဟာ ချက်ချင်းပဲ နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ အသွင်ကူးပြောင်းသွားနိုင်တယ်။ တစ်ကမ္ဘာလုံး တည်ငြိမ်ရေးနဲ့ လုံခြုံရေးတို့အတွက် ထဲထဲဝင်ဝင် ဆွေးနွေးပြောဆိုမှုတွေ လိုအပ်နေပြီ။ နျူကလီးယားပိုင် ငါးနိုင်ငံကသာ ထင်ရာစိုင်းရင် စစ်ပွဲတစ်ရပ် ဖြစ်လာနိုင်တယ်။”လို့ ပူတင်က ဆိုပါတယ်။

ရုရှနိုင်ငံအနေနဲ့တော့ လက်ရှိမှာ လုံခြုံစိတ်ချမှုကို ခံစားရကြောင်း၊ ဘယ်နိုင်ငံမှ မပိုင်ဆိုင်သေးတဲ့ နောက်ဆုံးပေါ်လက်နက်တွေ ပိုင်ဆိုင်ထားကြောင်း၊ ဒါပေမယ့် ဒီထက်ပို တိုးလို့ လက်နက်တွေ တည်ဆောက်သွားမှာဖြစ်ကြောင်းပါ ၎င်းက ပြောပါတယ်။

ရုရှနိုင်ငံအနေနဲ့ စိတ်တိုင်းကျစရာ မိတ်ဖက်တွေ၊ ဘယ်သူကိုမှ မခြိမ်းခြောက်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လမ်းဖွင့်ပေးထားပေမယ့် နိုင်ငံရဲ့ လုံခြုံရေးကိုတော့ ဆက်လက်တည်ဆောက်သွားမှာပဲ ဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။

အခုလို ပြောဆိုရာမှာ ပူတင်ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုပါ ထည့်သွင်းပြောဆိုပြီး ပြင်ဆင်ရေးကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မဝေးတော့တဲ့ အချိန်မှာ ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပူတင်ဟာ သမ္မတအာဏာကို လွှတ်တော်ဆီ လွှဲပြောင်းပေးတဲ့ ပြင်ဆင်ချက်အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ လွယ်ကူချောမွေ့ဖို့ အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ကြောင်းကိုလည်း ဝန်ကြီးချုပ် မက်ဗီဒက်က ကြေညာထားပါတယ်။

ပူတင်ရဲ့ အခု ခြေလှမ်းတွေဟာ အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ရေးအတွက်ပဲ ဖြစ်တယ်ဆိုပြီး ဝေဖန်သူတွေက ထောက်ပြပြောဆိုထားကြပါတယ်။

Rf; AA
Writer_ မောင်သံဆင့်(XYZ News)

Ads