ရှော့ပင်းမောလ်မှာ တစ်ယောက်ထဲဈေးလာဝယ်ရင်း အထီးကျန်ဖြစ်နေတဲ့ မိန်းကလေးတွေအတွက် ရည်ရွယ်ပြီး ရုပ်ချောချောကောင်လေးများကို ရည်းစားအဖြစ် ငှားရမ်းနိုင်တဲ့ ဝန်ဆောင်မှုကို တရုပ်နိုင်ငံ ဟီဘီမြို့က ဈေးဝယ်စင်တာတစ်ခုမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်မိတ်ဆက်လိုက်ပါတယ်။

မော်ဒယ်ဘွိုင်းတွေဟာ သက်မှတ်ထားတဲ့ နေရာလေးမှာ အရုပ်လေးတွေလို စတိုင်အပြည့်နဲ့ မတ်တပ်ရပ်နေကြပါတယ်။ သူတို့အားလုံးရဲ့ ရှေ့မှာတော့ QR Code လေးတွေ ထောင်ထားတာရှိပါတယ်။ ငှားရမ်းရတဲ့ပုံစံကရိုးရှင်းပါတယ်၊ ကိုယ်သဘောကျတဲ့ ကောင်လေးကိုတွေ့ရင် သူ့ရှေ့က ကုဒ်လေးကို စကန်ဖတ်ပါ၊ ပြီးရင် ၁ ယွမ်ပေးပြီး ဒီကောင်လေးကို နာရီဝက် ကိုယ်ပိုင်သွားပြီဖြစ်ပါတယ်။

သူက ကိုယ့်ရဲ့နံဘေးမှာ လိုက်လာပြီး ဝယ်ထားတဲ့ အထုတ်လေးတွေသယ်ပေးမယ်၊ ဓါတ်ပုံရိုက်ပေးမယ်၊ မပျင်းရအောင် စကားတွေလိုက်ပြောပေးမှာဖြစ်ပါတယ်။ နာရီဝက်အချိန်စေ့သွားရင်တော့ ကောင်လေးက သူ့နေရာသူ ပြန်သွားပြီး နောက်ထပ် လာငှားမယ့်သူကို ပြန်စောင့်နေမှာဖြစ်ပါတယ်။

ဒီလိုအမိုက်စား မော်ဒယ်ဘွိုင်းလေးတွေကို ငှားရမ်းဖို့ ကြိုတင်ငွေ စပေါ်လည်းပေးစရာမလိုပါဘူး၊ ၁ ယွမ်(ကျပ် ၂၁၀) ရှိရင် ဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ ဖြစ်တဲ့အခါ ဒါမှမဟုတ် အဆင်ပြေလွန်းပြီး ကောင်လေးတွေကို မ,သွားတဲ့အခါ ဘာဆက်ဖြစ်မလဲဆိုတာကတော့ မရှင်းလင်းပါဘူး။

အခုလို ရည်းစားငှားတဲ့ ဝန်ဆောင်မှုက ပြီးခဲ့တဲ့ ခရစ္စမတ်တုန်းကလည်း ပြုလုပ်ခဲ့ဖုးပြီး အဲဒီတုန်းက တစ်နာရီကိုမှ ၁ ယွမ်ပဲကျပါတယ်။
လွန်ခဲ့တဲ့အပတ်က ရှန်ဒေါင်းဈေးဝယ်စင်တာမှာ အလားတူစွာ ကောင်မလေးတွေကို အဖော်အဖြစ် ငှားရမ်းဖို့ ပွဲထုတ်ခဲ့ပေမယ့် သိပ်အောင်မြင်မှုမရခဲ့ပါဘူး။ (ယောက်ျားတွေ မိန်းမကြောက်ပုံရတယ်၊ အိမ်ကမိန်းမကိုပြောတာပါ)

အဲဒါကြောင့် ကောင်မလေးတွေက သူတို့နေရာမှာပဲ မတ်တပ်တွေရပ်ရင်း ဖုန်းပွတ်နေခဲ့ကြရပါတယ်။ အခုလို ယောက်ျားလေး ရည်းစားအငှားလိုက်တာကတော့ အဆင်ပြေနေလျှက်ရှိပြီး ဘယ်တော့များ တို့နိုင်ငံကို ကူးစက်လာမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

Ads