ကွန်ဂရစ်အလွှာ ငါးလွှာရဲ့ အောက်မှာ ဒုံးကျည်ရာပေါင်းများစွာနဲ့ လောင်စာအပြည့်ဖြည့် ရော့ကက်တွေ ရှိနေတဲ့ အီရန်ရဲ့ မြေအောက် ဒုံးကျည်မြို့တော်ရဲ့ ဓာတ်ပုံတွေကို အီရန် Tansim သတင်းဌာနက ထုတ်ဖော်ပြသလိုက်ပါတယ်။

ဒါအပြင် အီရတ်ရှိ Ain al-Assad လေတပ်စခန်းနဲ့ ကာဒစ္စတန်က Erbil လေဆိပ်ဆီ ဒုံးကျည် ၁၅ စင်း ပစ်လွှတ်တိုက်ခိုက်ရာမှာ နှစ်စင်းက နိုင်ငံပိုင်နက်ထဲပဲ ကျရောက်ခဲ့တယ်လို့ Radio Farda ကို ကိုးကားပြီး Tansim သတင်းဌာနက ဖော်ပြပါတယ်။

အီရန်ရဲ့ ဒုံးကျည်စခန်းတွေဟာ နိုင်ငံအနှံ့အပြားမှာ ရှိနေပြီး တောင်တွေရဲ့အောက် ပေ ၁၆၄၀ အောက်က ဘန်ကာတွေမှာ ထားရှိထားကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ပေါင်းစု IRGC မှ လေတပ်တပ်မှူး အလီဟာဂျီဇာဒက်က အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ ခြောက်နှစ်အကြာကလည်း IRGC ဟာ မြေအောက်ဒုံးကျည်မြို့တော် သုံးမြို့ တည်ဆောက်နေတယ်လို့ ပြောရင်း ရော့ကက်နဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးတွေ အသွင်းအထုတ် လုပ်ရာ ဥမင်တွေကို ပြသခဲ့ဖူးပါတယ်။

IRGC ရဲ့ ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်လိုက်ရာကနေ အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေ မြင့်တက်နေပြီး နောက်ထပ်တင်းမာမှုတစ်ရပ်ဟာ အရှေ့အလယ်ပိုင်းဒေသကို စစ်ပွဲအတွင်း ဆွဲချသွားလိမ့်မယ်လို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်အပြီးမှာ အီရန်ဗိုလ်ချုပ်ကြီးတွေက အမေရိကန်စစ်စခန်းအားလုံးကို ဆူနာမီနဲ့ တိုက်စားဖြိုဖျက်ပစ်မယ်လို့ သတိပေးလိုက်ပါတယ်။

ဒါအပြင် နိုင်ငံပိုင် ရုပ်သံကလည်း အီရန်မှာ နေထိုင်သူ လူဦးရေ သန်း ၈၀ ရှိကြောင်း ပြောရင်း ဒီ သန်း ၈၀ ကို အခြေတည်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခေါင်းကို ရယူပေးနိုင်သူကို ဆုငွေအဖြစ် ဒေါ်လာသန်း ၈၀ ကောက်ခံပေးချင်ကြောင်း ကြေညာခဲ့ပါတယ်။

Rf; The Jerusalem Post
Writer_ မောင်သံဆင့် ( XYZ NEWS )

Ads