ယူကရိန်းခရီးသည်တင်လေယာဉ်ကို ဒုံးကျည်တစ်စင်းနဲ့ ပစ်ချလိုက်ပုံကို မြင်ရတဲ့ ဗီဒီယို ရိုက်ကူးခဲ့သူကို ဖမ်းဆီးထားတယ်လို့ အီရန်က ပြောကြောင်း ဘီဘီစီ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့က တီဟီရန်ကနေ ကိဗ်မြို့ကို ထွက်ခွာတဲ့ ယူကရိန်းလေယာဉ်ဟာ ပျံတက်ချင်း ခဏမှာ ပစ်ချခံရတာဖြစ်ပြီး အီရန်ဟာ အနောက်အုပ်စု အတည်ပြုပြောနေသလို ပစ်ချခဲ့ခြင်း မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆန်နေပြီးမှ ပြီးခဲ့တဲ့ စနေနေ့မှာတော့ အီရန်နိုင်ငံဟာ စစ်တပ်က မရည်ရွယ်ဘဲ မှားယွင်းပစ်ချခဲ့မိတာလို့ ဝန်ခံလာခဲ့ပါတယ်။

အွန်လိုင်းပေါ် ပြန့်နှံ့တဲ့ ဗီဒီယိုမှာတော့ အဆိုပါ လေယာဉ် ပျံတက်ချင်း ခဏမှာပဲ ဒုံးကျည်နဲ့ ပစ်ခတ်ခံရပုံကို မြင်တွေ့ရတာ ဖြစ်ပါတယ်။
အဲဒီ ဗီဒီယိုကို ရိုက်ကူးပြီး အွန်လိုင်းမှာ ဖြန့်တဲ့သူကို အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ပေါင်းစု IRGC က ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဘီဘီစီသတင်းအရ သိရပါတယ်။

လန်ဒန်အခြေစိုက် အီရန်သတင်းထောက်တစ်ဦးကတော့ အာဏာပိုင်တွေဟာ ဗီဒီယိုတင်သူအဖြစ် မဟုတ်တဲ့သူကို မှားယွင်းဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

ဘီဘီစီ အီရန်သတင်းထောက် နာရီမန်းဟာ အဲဒီ ဗီဒီယိုကို ဦးဆုံး အွန်လိုင်းတင်သူဖြစ်ကြောင်း ဘီဘီစီကလည်း ဖော်ပြထားပါတယ်။

“ဗီဒီယိုရဲ့ သတင်းရင်းမြစ် ပုဂ္ဂိုလ်ကတော့ ဘေးကင်းနေတယ်၊ IRGC ကို ပြောလိုတာက ခင်ဗျားတို့ လူမှားဖမ်းထားတယ်ဆိုတာပဲ။”လို့ နာရီမန်းက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

 

Rf; Al Arabiya
Writer_ မောင်သံဆင့်(XYZ News)

Ads