စပိန်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကက်တာလိုနီးယားဒေသရှိ ဓာတုဗေဒစက်ရုံပေါက်ကွဲမှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ တာရာဂိုနာတောင်ပိုင်းမှာ ထိုပါက်ကွဲမှုဖြစ်ပွားပြီး ကြီးမားတဲ့မီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦးပျောက်ဆုံးနေပါတယ်။

၄င်းပေါက်ကွဲမှုဟာ ဓာတုဗေဒဆိုင်ရာမတော်တဆမှုတစ်ခုကြောင့်ဖြစ်နိုင်တယ်လို့ အရာရှိတွေကပြောကြားခဲ့ပါတယ်။ အစောပိုင်းမှာ အာဏာပိုင်တွေက ဒေသခံများအားအိမ်အတွင်းမှာနေထိုင်ကြဖို့တိုက်တွန်းခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အဆိပ်အတောက်ဖြစ်စေတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။

ညအချိန်မှာဖြစ်ပွားတဲ့ အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်သမားဒါဇင်ပေါင်းများစွာက ငြိမ်းသတ်ခဲ့ရပါတယ်။ Industrias Quimicas del Oxido de Etileno စက်ရုံမှ ၄င်းပေါက်ကွဲမှုဟာ La Canonja မြူနီစီပယ်မြို့မှာ ဒေသစံတော်ချိန် ၆ နာရီ မိနစ် ၄၀ (GMT 17:40) မှာဖြစ်ပွားခဲ့တာပါ။

သေဆုံးသူကိုတော့ အနီးအနားက ပြိုကျနေတဲ့အဆောက်အအုံထဲမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေထဲက အနည်းဆုံး ၂ ဦးဟာ ပြင်းထန်တဲ့မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ကက်တာလိုနီးယားလူထုကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ ပျောက်ဆုံးနေသူတစ်ဦးနဲ့ စက်ရုံဝန်ထမ်းတစ်ဦးကို ကယ်ဆယ်ရေးသမားတွေကရှာဖွေနေကြပါတယ်။

ကက်တလန်ခေါင်းဆောင် Quim Torra က ”အခုဆိုရင် စိတ်အေးအေးထားပြီး ယုံကြည်စိတ်ချနေကြဖို့ ပြည်သူတွေကိုသတင်းပေးနိုင်ပြီ။ အခုပေါက်ကွဲမှုမှာ အဆိပ်ဖြစ်စေတဲ့အရာမပါ၀င်ပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲဆက်လက်နေထိုင်ကြပါ”လို့ အင်္ဂါနေ့ညနေပိုင်းမှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

စပိန်ဝန်ကြီးချုပ် ပက်ထရိုဆန်ချက်ဇ်က ယခုမတော်တဆမှုနဲ့ပတ်သက်ပြီး ကက်တလန်အာဏာပိုင်တွေကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

Writer_Aung Moe ( XYZ NEWS )

Ads