မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားပြီး အရေးပေါ်လုပ်ငန်းစဉ်တွေ ချမှတ်ပေးရေး ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို နိုင်ငံတကာတရားရုံး ICJ ဟာ လာမယ့် ဇန်နဝါရီ ၂၃ ရက်မှာ စီရင်ဆုံးဖြတ်မှာဖြစ်တယ်လို့ ဂမ်ဘီယာတရားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

“မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲဆိုထားချက်မှာ ကြားဖြတ်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်တွေ ချမှတ်ပေးဖို့ ဂမ်ဘီယာရဲ့ တောင်းဆိုချက်ကို ဇန်နဝါရီ ၂၃ ရက်မှာ ICJ က စီရင်ချက် ချမှာဖြစ်ကြောင်း။”လို့ အဆိုပါ ဝန်ကြီးဌာနက တွစ်တာကနေတစ်ဆင့် ထုတ်ပြန်လိုက်တာပါ။

ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား မြန်မာနိုင်ငံကို ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို အရေးပေါ် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ ဂမ်ဘီယာနိုင်ငံက လျှောက်ထားချက်နဲ့ ပတ်သက်လို့ မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်က ICJ တရားရုံးမှာ ဒီဇင်ဘာ ၁၀ ကနေ ၁၂ တို့မှာ အပြန်အလှန် လျှောက်လဲချက်‌ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ လျှောက်လဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကြားဖြတ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ချမှတ်ပေးရေး ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်လဲချက်ကို ICJ က ဇန်နဝါရီ ၂၃ ရက်မှာ စီရင်ချက် ချတော့မှာ ဖြစ်ပါတယ်။

Rf; ANI
မောင်သံဆင့်(XYZ News)

Ads