အစ္စရေးရဲတပ်ဖွဲ့ဟာ အမျိုးသမီးနဲ့ ကလေး ၅၀ ခန့်ကို ကျွန်အဖြစ်နဲ့ ထိန်းသိမ်းထားတယ်ဆိုတဲ့ သံသယနဲ့ ရပ်ဘီလို့ခေါ်တဲ့ ဂျူးဘာသာရေးဆရာတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
သံသယရှိဖွယ် အထိန်းသိမ်းခံများကို ၄င်းတို့ရဲ့ မိသားစုများမှ သီးခြားခွဲထားတယ်လို့ ယူဆရတဲ့ ဂျေရုဆလင်က ခြံဝင်းတစ်ခုကို ၀င်ရောက်စီးနင်းအပြီးမှာ အခုလို ဖမ်းဆီးလိုက်တာပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ နည်းအမျိုးမျိုးနဲ့အပြစ်ပေးခံခဲ့ရပြီး သူတို့ထံမှ ငွေတွေလည်းခိုးယူခံခဲ့ရတယ်လို့ ရဲကပြောကြားခဲ့ပါတယ်။ အသက် ၆၀တွင်းရှိပြီဖြစ်တဲ့ တရားခံကတော့ တစ်စုံတစ်ရာ မသမာမှု မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။

အဆိုပါ ရပ်ဘီဆရာကို အမျိုးသမီးတွေနဲ့ ကလေးတွေ ကျွန်သဘောက်ဘဝနဲ့ အလုပ်လုပ်နေရတဲ့ တံခါးပိတ်လူ့အသိုင်းအဝိုင်းတစ်ခုကို ထူထောင်နေတယ်ဆိုတဲ့ သံသယနဲ့ ဂျေရုဆလင်အလယ်ပိုင်းက ရှေးရိုးစွဲ ဂျူးဘာသာဝင်တွေရဲ့ ရပ်ကွက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။

သူနဲ့အမျိုးသမီးကြံရာပါ ၈ ဦးတို့ဟာ အသက် ၅ နှစ်အထိကလေးတွေနဲ့အတူ အမျိုးသမီးများကို လူနေအဆောက်အအုံတစ်ခုမှာ သီးခြားခွဲထားတယ်လို့ ယူဆရတယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။
ရဲတပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ မစ်ကီ ရိုဆင်ဖတ်က Associated Press ကိုပြောကြားရာမှာတော့ အမျိုးသမီးနဲ့ ကလေးတွေဟာ လပေါင်းအတော်ကြာအောင် နေခဲ့ရပြီး ရပ်ဘီဆရာက သူတို့ဆီက ငွေတွေကို ယူတဲ့အပြင် သူတို့ဆန္ဒနဲ့ ဆန့်ကျင်ပြီးတော့လည်း ထိန်းသိမ်းထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဒီယိုမြင်ကွင်းမှာတော့ ငွေစက္ကူပုံတွေနဲ့အတူ ကျဉ်းကျဉ်းကျုတ်ကျုပ် နေရာကလေးမှာ ကုတင်တွေ ပြွတ်သိပ်ထည့်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ဘာသာရေးဆရာဟာ နှစ်ပေါင်းအတော်ကြာအောင် အိမ်ရာမှာ နေထိုင်သူတွေကို ဆိုးရွားပြင်းထန်တဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း သတင်းပေးတိုင်ကြားမှုတွေကို လက်ခံရရှိပြီးနောက်မှာ နှစ်လကြာ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

Writer_Aung Moe ( XYZ NEWS )

Ads