ပညာရှင်တွေ ဖန်တီးထားတဲ့ ကိုယ်ပိုုင် လတစင်းကိုု ၂၀၂၀ ပြည့်နှစ်မှာ လွှင့်တင်ဖို့ တရုတ်အာကာသ အေဂျင်စီက ပြင်ဆင်နေတဲ့အကြောင်း China Daily သတင်းမှာ ဖော်ပြထားပါတယ်။

သဘာဝလရောင်ထက် ၈ ဆ ပိုလင်းမယ့် လအတုတစင်းကြောင့် လျပ်စစ်ဓာတ်အား ချွေတာနုုိင်ပြီး လမ်းမီးတိုင်တွေကို အစားထိုးနုုိင်မယ်လို့ ဆိုပါတယ်။

အဲဒီလအတုကို စီချွမ်းပြည်နယ်ထဲက ချန်ဒူးမြို့တော်ရဲ့ အထက် ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ထားမှာ ဖြစ်ပါတယ်။

အဲဒီလ အဆင်ပြေရင် နောက်ထပ်လအတု ၃ စင်းကိုု ၂၀၂၂ ခုနှစ်မှာ ထပ်တိုး လွှင့်တင်မယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြပါတယ်။

လအတု ၃ စင်းလွှတ်တင်နိုင်ရင် ကီလိုမီတာ ၃၆၀၀၀ ကနေ ၆၄၀၀၀ စတုရန်း ကီလိုမီတာ အကျယ်အဝန်းကိုု ၂၄ နာရီ အလင်းရောင်ရနိုင်မယ်လိုု့ တရုတ်ပညာရှင်တွေက ခန့်မှန်းပါတယ်။

ကီလိုမီတာ ၃ သိန်း ၈ သောင်းဝေးတဲ့ တကယ့်လအစစ်လို မဟုတ်ဘဲ မြေပြင်အထက် ကီလိုမီတာ ၅၀၀ မှာ ထားမယ့် အဲဒီလဟာ နေရောင်ကနေ ရောင်ပြန်လင်းစေမှာ ဖြစ်ပါတယ်။

လအတုစီမံကိန်းကြောင့် ကီလိုုမီတာ ၅၀ ပတ်လည်လောက်ကိုု အလင်းရောင် ရစေမယ်ဆိုရင် တနှစ်အတွင်း လျပ်စစ်ဓာတ်အားခ အမေရိကန်ဒေါ်လာ ၁၇၄ သန်းလောက် သက်သာသွားစေမယ်လိုု့ ဆိုပါတယ်။

အဲဒီလရောင်ကို လိုုအပ်သလို အဖွင့်အပိတ်လုပ်နိုင်၊ အလင်းအမှိန်ပြောင်းနိုင်၊ နေရာရွှေ့နိုင်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် မှောင်ကျသွားတဲ့ဒေသတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်လည်း အသုံးပြုနုုိင်မယ်လိုု့ သတင်းမှာ ဖော်ပြထားပါတယ်။
လအတုရဲ့ အလင်းရောင်ကြောင့် လူနဲ့သတ္တဝါတွေ နေ့ညလည်ပတ်ပုံတွေကို အနှောင့်အယှက်ဖြစ်မှာကို စိုုးရိမ်မှုတွေလည်းရှိနေလိုု့ လူသူမရှိတဲ့ ကန္တာရထဲမှာ အရင်စမ်းသပ်မယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံဟာလည်း ၁၉၉၉ ခုနှစ်တုန်းက ၂၅ မီတာရှိတဲ့ အာကာသမှန်ချပ်ကြီးကတဆင့် နေအလင်းရောင်ပြန်ထိုးဖို့ ကြိုးစားခဲ့ပေမယ့် အာကာသထဲ လွှတ်တင်စဉ်မှာပဲ ပျက်ကျသွားလို့ အဲဒီစီမံကိန်း ရပ်ဆိုင်းခဲ့ပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)