ရဲအဖြစ်ဟန်ဆောင်ကာ အမျိုးသမီးတွေရဲ့ အချစ်ကို ရယူခဲ့တဲ့ အင်ဒိုနီးရှားအမျိုးသားတဦးကို မကြာသေးခင်က ဖမ်းဆီးနိုင်ခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။

အဖမ်းခံရသူဟာ အေရီစက်ပတင် ပရာတာမန် ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်သာ ရှိသေးပါတယ်။

သူဟာ ရဲယူနီဖောင်းအတုနဲ့ အရုပ်သေနတ်တို့ကို ဟန်ပါပါ ဝတ်ဆင်ကာ မှုခင်းဆရာဝန်တဦးအဖြစ် အမျိုးသမီးတွေကို ဖျားယောင်းခဲ့သူပဲဖြစ်ပါတယ်။

ဒါ့အပြင် အေရီဟာ ဒေါက်တာ ဂျူလီယန် ဆာပူထရာဆိုတဲ့ နာမည်အတုကို အသုံးပြုပြီး သူ့ကိုယ်သူ ဆူလာဝေစီအရှေ့တောင်ပိုင်းက ရဲမှူးကြီးရဲ့သားအဖြစ်လည်း ဟန်ဆောင်ခဲ့တာပါ။

အေရီရဲ့ ပိရိတဲ့ဟန်ဆောင်မှုနဲ့ သူလိမ်ညာထားတဲ့ ရာထူးတွေကြောင့် သူဟာ မိန်းမချောလေးတွေနဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပြီး ရဲအဖြစ်ဟန်ဆောင်ကာ မိန်းကလေး ၁ဝ ဦးနဲ့ တွဲနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့မှာ ထွက်ဆိုပါတယ်။

သူတွဲခဲ့သူတွေထဲမှာ အစိုးရဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေပါဝင်ခဲ့ပြီး အထူးခြားဆုံးကတော့ သူ့ထောင်ချောက်မိသွားသူတွေထဲမှာ တကယ့်ရဲမေအစစ်တယောက်လည်း ပါဝင်နေပါတယ်။

အေရီဟာ တန်ဖိုးကြီးကားတွေကို ငှားရမ်းကာ မိန်းကလေးတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့နဲ့အတူတူ အိပ်နိုင်ဖို့အတွက်လည်း လက်ထပ်မယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

“ကျနော် သူတို့တွေကို လက်ထပ်ပါ့မယ်လို့ လိမ်ညာကတိပေးခဲ့ပါတယ်။ ကျနော်တွဲခဲ့တဲ့ သူတွေထဲမှာ စေ့စပ်ထားတဲ့သူတွေလည်း ပါပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော် သူတို့ထဲက အများစုနဲ့ အိပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်သူတို့ဆီက ငွေကိုယူတာမျိုး မလုပ်ခဲ့ပါဘူး” လို့ အေရီကထွက်ဆိုပါတယ်။

မိန်းမချောလေးတွေကို လှည့်စားခဲ့တဲ့ အေရီဟာ သူနောက်ဆုံးတွဲခဲ့တဲ့ မိန်းကလေးကြောင့် အဖမ်းခံခဲ့ရတာဖြစ်ပြီး ဒီမိန်းကလေးက သူပြောတာတွေကို လိုက်စုံစမ်းကြည့်လိုက်ချိန်မှာ အလိမ်တွေ အကုန်ပေါ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

အေရီဟာ သူအလုပ်လုပ်နေတယ်လို့ လိမ်ပြောထားတဲ့ ဆေးရုံမှာပဲ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့လ၂၆ ရက်နေ့က အဖမ်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။

အေရီဟာ လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ Challenge ကိုလုပ်ရင်းနဲ့ ရဲအဖြစ်ဟန်ဆောင်ဖို့ အကြံစည်ရခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စွဲချက်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

အေရီဟာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတခုချင်းစီကို မီဒီယာတွေရှေ့မှာ ထုတ်ပြောခဲ့ရတာဖြစ်ပြီး သူက သူလိမ်ညာတွဲခဲ့တဲ့ အမျိုးသမီးတွေဆီက ပိုက်ဆံမယူခဲ့ဖူးလို့ပြောပေမယ့် သူတွဲခဲ့တဲ့ အမျိုးသမီးအနည်းဆုံး နှစ်ယောက်လောက်ကတော့ ရဲအတု အေရီဟာ သူတို့ဆီက ငွေတွေကို ချူခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။