ရုရှက ဆီးရီးယားဆီ ပေးပို့ထားတဲ့ Pantsir-S1 ဒုံးကျည်ကာကွယ်ရေးစနစ်ကို Israeli Spike NLOS ဒုံးကျည်က ပစ်ခတ်လိုက်တဲ့ ဗီဒီယိုကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က ထုတ်ပြန်လိုက်ပါတယ်။

လေကြောင်းက လေယာဉ်နဲ့ ဒုံးကျည်တွေကို ဖျက်ဆီးပစ်တဲ့ Pantsir စနစ်ကို ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ရဲ့ သမ္မတအိမ်တော်ရာက ၃ ဒဿမ ၈ ကီလိုမီတာအကွာ Mezzeh စစ်လေတပ်စခန်း(ဒမတ်စကပ်)မှာ တပ်ဆင်ထားတာပါ။ IDF က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ဟာ ရုရှ Pantsir စနစ်ဆီ ပစ်လွှတ်တဲ့ ဒုံးကျည်ပေါ် တပ်ဆင်ထားတဲ့ ကင်မရာက မြင်ကွင်းဗီဒီယိုပဲ ဖြစ်ပါတယ်။ ဒုံးကျည်ဟာ အဆိုပါ လေကြောင်းရန်ကာစနစ်ဆီ ချည်းကပ်ရောက်ရှိသွားစဉ် မြင်ကွင်းပုံရိပ်တွေ ပျောက်ကွယ်သွားခဲ့ပါတယ်။

“ဆီးရီးယားက အီရန်စစ်စခန်းတွေကို အကြီးစားတိုက်ခိုက်မှု အစိတ်အပိုင်းတစ်ရပ်အတွင်းမှာ SA22 လေကြောင်းဟန့်တားဖြတ်ချစနစ်ကို IDF က ပစ်ခတ်ဖျက်ဆီးလိုက်ပါတယ်။”လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂျေရုဆလင်ပို့စ် သတင်းစာမှာလည်း ဆီးရီးယားက လေကြောင်းရန်ကာစနစ် ပျက်စီးခြင်းကို ပထမဆုံးအတည်ပြုနိုင်တာပဲလို့ ဖော်ပြထားပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ရုရှစစ်တပ်မှာ စတင်အသုံးပြုခဲ့တဲ့ Pantsir S-1 လေယာဉ်၊ ဒုံးကျည် ဖျက်ချစနစ်ဟာ ဆီးရီးယားက အာဆတ်အစိုးရ ပစ်မှတ်တွေကို အမေရိကန်နဲ့ မဟာမိ်တ်တွေ လေကြောင်းတိုက်ခိုက်တာကို ကာကွယ်ပေးရာမှာ “၁၀၀ ရာခိုင်နှုန်းနီးပါး ထိရောက်အကျိုးရှိတယ်”လို့ အစောပိုင်းမှာ ရုရှကာကွယ်ရေးဝန်ကြီးဌာနက ယတိပြတ်ပြောဆိုထားတာဖြစ်ပါတယ်။

၁၀ ရက် ညမှာ ဆီးရီးယားမှာ စစ်ရေးဆောင်ရွက်နေတဲ့ အီရန်စစ်တပ်ဟာ ဂိုလန်ကုန်းမြင့်က အစ္စရေးစစ်တည်နေရာတွေကို ဒုံးကျည်ဒါဇင်များစွာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုကို IDF က လက်တုံ့ပြန်ပြီး ဆီးရီးယားက အီရန်စစ်စခန်း ဒါဇင်များစွာကို တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

Rf;uawire
Writer_မောင်သံဆင့် ( XYZ NEWS )

Ads