ယူကရိန်းနိုင်ငံက အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ စစ်မှုမထမ်းရအောင် အသက် ၈၁ နှစ်အရွယ် ဝမ်းကွဲအစ်မကြီးကို လက်ထပ်ပေါင်းသင်းတာလို့ စွဲဆိုခံရပါတယ်။

ယူကရိန်း အမျိုးသားတိုင်း စစ်မှုထမ်းရတာကို ရှောင်ရှားလိုတာကြောင့် အလက်ဇန္ဒြားကွန်ဒရာယက်ဆိုသူက သူနဲ့ သွေးချင်းတော်သူ မသန်စွမ်း အဘွားအိုကို လက်ထပ်တာလို့ စွဲဆိုခံရတာပါ။

ဒါပေမယ့် ကွန်ဒရာယက်ကတော့ ဒီ စွဲဆိုချက်ကို ငြင်းဆန်ပြီး သူ့ ဝမ်းကွဲအစ်မ အဘွားအိုနဲ့ သံယောဇဉ်တွယ်တာကြောင့် လက်ထပ်ပေါင်းသင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

ကွန်ဒရာယက်ဟာ တရားဝင်လိုအပ်ချက်တွေ မလုပ်ဆောင်ဘဲ လက်ထပ်ခဲ့တာဖြစ်ပြီး ခုလို စွဲဆိုချက်တွေ ထွက်ပေါ်လာတဲ့နောက်မှာ တာဝန်ရှိသူတွေက ၎င်းကို စုံစမ်းမေးမြန်းနေပါတယ်။

အဘွားအို ဇီနိုင်းဒါကို သတင်းထောက်တွေက အစ်အောက်မေးမြန်းပေမယ့် ဇီနိုင်းဒါက သူ့ ခင်ပွန်းဟာ သူ့ကို အလွန်ကြင်နာပြီး စောင့်ရှောက်တယ်လို့ ပြောပါတယ်။

ကွန်ဒရာယက်က ဇီနိုင်းဒါနဲ့ အတူနေထိုင်တယ်လို့ ပြောပေမယ့် အိမ်နီးချင်းတွေက ကွန်ဒရာယက်ကို ဇီနိုင်းဒါအိမ်မှာ တစ်ခါမှ မတွေ့ခဲ့ဘူးကြောင်း ပြောကြပါတယ်။

ယူကရိန်းနိုင်ငံမှာက မသန်စွမ်းသူ ဒါမှမဟုတ် မသန်စွမ်းသူကို စောင့်ရှောက်နေရသူတွေက စစ်မှုထမ်းခွင့် လွတ်ငြိမ်းကြပါတယ်။

“ဇီနိုင်းဒါဆီ လာရောက်သူတွေမှာ သူ့ ခင်ပွန်းဆိုသူ ကွန်ဒရာယက်ထက် တူတွေ၊ မြေးတွေ၊ ညီအစ်မတွေပဲ ပိုပြီး အလာများကြတာဖြစ်ပါတယ်။”လို့ အိနီးချင်း အမျိုးသမီးတစ်ဦးက ပြောခဲ့ပါတယ်။

Writer_ မောင်သံဆင့်(XYZ News)

Ads