ဩစတြေးလျနိုင်ငံမှာ တောမီးကြောင့် အစာရေစာပြတ်တောက်နေသည့် သားပိုက်ကောင်များအတွက် မုန်လာဥနီနှင့်ကန်စွန်းဥ ကီလိုထောင်နှင့်ချီ၍ လေကြောင်းမှ ကြဲချပေးလျက်ရှိသည်။ ဩစတြေးလျ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းများက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက လေယာဉ်တွေနဲ့သားပိုက်ကောင်များနေထိုင်ကျက်စားရာနေရာများသို့ အစားအစာများကြဲချခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလမှစတင်လောင်ကျွမ်းခဲ့တဲ့ သြစတြေးလျတောမီးကြောင့် တိရစ္ဆာန် ၁ ဘီလီယံခန့်သေဆုံးခဲ့ရကာ ကမ္ဘာ့အခြောက်သွေ့ဆုံး တိုက်ကြီးမှာ ယခုလိုမကြုံစဖူးကပ်ဆိုက်မှုဟာ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် သူ့ရဲ့အစောပိုင်းခန့်မှန်းမှုထက်ကိုနှစ်ဆရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဆစ်ဒနီတက္ကသိုလ်မှ ခရစ်ဒစ်ခ်မန်၏ ဇန်နဝါရီလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်အသစ်အရ နယူးဆော့တ်ဝေးလ်ပြည်နယ်တစ်ခုတည်းမှာပင် တိရစ္ဆာန်ပေါင်း သန်း ၈၀၀ ကျော်သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ၁ ဘီလီယံရှိတယ်လို့ဆိုပါတယ်။ ၎င်းသေဆုံးမှုတွေမှာပါဝင်တဲ့ နို့တိုက်သတ္တဝါများ၊ ငှက်များ နဲ့ တွားသွားသတ္တဝါများဟာ တောမီးကြောင့်ချက်ချင်းသေဆုံးရတာလည်းရှိပြီး ကျက်စားနေထိုင်ရာနေရာများပျောက်ဆုံးသွားခြင်းကြောင့် သေဆုံးရတာလည်း ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်သိပ္ပံကျောင်းမှ ဂေဟဗေဒပါမောက္ခ ပရော်ဖက်ဆာဒစ်ခ်မန်က ‘ပထမဦးဆုံးအနေနဲ့ သြစတေးလျနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ယခုရာသီဥတု ပြောင်းလဲမှုဟာ ကမ္ဘာပေါ်ကအခြားဒေသတွေနဲ့ ဘယ်လိုတူညီမှုရှိနိုင်သလဲဆိုတာကို ကျွန်ုပ်တို့ရှာဖွေနေပါတယ်။ ယခုလိုအဖြစ်အပျက်တွေဟာ မျိုးစိတ်အမျိုးမျိုးအတွက် မျိုးသုဉ်းပျက်စီးခြင်းလုပ်ငန်းစဉ်ကို မြန်ဆန်စေနိုင်တယ်၊ ဒါဟာ အလွန်ဝမ်းနည်းဖွယ်အချိန်ပါပဲ’လို့ တက္ကသိုလ်ဝက်ဘ်ဆိုက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တောမီးတွေဟာ သြစတေးလျအရှေ့တောင်ဘက်သို့ပျံ့နှံ့ရောက်ရှိသွားပြီး မြေယာနဲ့အိုးအိမ်တွေကို အတိုင်းအဆမရှိဖျက်ဆီးပစ်ခဲ့တာကြောင့် ကိုအာလာ ဝက်ဝံနဲ့ သားပိုက်ကောင်များအပါအဝင် သြစတေးလျနိုင်ငံရဲ့မူလရင်းမြစ်တိရစ္ဆာန်များ၏ ဒဏ်ရာရ၊ သေဆုံးမှု စတဲ့စိတ်မချမ်းမြေ့ဖွယ်ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာတွေမှာလွှမ်းမိုးပျံ့နှံ့နေခဲ့ပါတယ်။

ဟက်တာ ၁၀ သန်းကျော်ဖျက်ဆီးခံခဲ့ရပြီး ထိုအတိုင်းအတာဟာဆိုရင် အင်ဒီယားနားပြည်နယ်ထက်ပိုကြီးပါတယ်။ အဆိုပါမီးလောင်ကျွမ်းမှုမှ မီးခိုးတွေဟာ ကမ္ဘာတစ်ဝက်လောက်အထိ ပျံ့နှံ့ရောက်ရှိသွားပြီး အာဂျင်တီးနားနဲ့ အတ္တလန္တိတ်သမုဒ္ဒရာတွေရဲ့ အထက် ကောင်းကင်တစ်ခုလုံး တိမ်မည်းဖုံးသွားခဲ့ပါတယ်။

သြစတေးလျနိုင်ငံရဲ့မူလရာသီ ဥတုဂေဟစနစ်နဲ့ ခြောက်သွေ့လျှပ်စီးဖြစ်ပေါ်မှုကတစ်ဆင့် မီးတောက်များဖြစ်ပေါ်စေပြီး တောမီးဟာအလွန်ကြီးမားသွားခဲ့တာဖြစ်ပါတယ်။ နယူးဆော့တ်ဝေးလ်၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Sussan Ley က ကိုအာလာဝက်ဝံတွေဟာ အထူးထိခိုက်ခံစားခဲ့ရကြောင်းနဲ့ နယူးဆောက်ဝေးလ် မြောက်ဘက်ကမ်းရိုးတန်းရှိ ကိုအာလာကောင်ရေရဲ့ ၃၀ ရာခိုင်နှုန်းထိသေဆုံးခဲ့ကြောင်း ပြီးခဲ့တဲ့စနေနေ့က ဒေသခံရေဒီယိုကိုပြောကြားခဲ့ပါတယ်။

ပါမောက္ခဒစ်ခ်မန် အစောပိုင်းပြောကြားခဲ့တာကတော့ “ကျွန်ုပ်တို့ကြုံတွေ့ခဲ့ရတဲ့ တောမီးတွေမြန်မြန်ဆန်ဆန်ရွေ့လျားနေတာကြောင့် ကိုအာလာဝက်ဝံတွေ ဟာ လွတ်အောင် မြန်မြန်မပြေးနိုင်ခဲ့ကြဘူး။ ‘ယခုအချိန်ထိ ဧရိယာအများအပြားမီးလောင်နေဆဲဖြစ်ပြီး မီးလောင်ထားတဲ့အလောင်းတွေကိုဘယ်တော့မှရှာဖွေလို့ရမှာမဟုတ်တော့ဘူး’လို့ သူကဆိုပါတယ်။

Ref : BBC Writer MG (XYZ News)

Ads