သေရွာမှ ပြန်လာပြီး ချက်ချင်းလိုလို သူငယ်ချင်းများနှင့် သွားရောက် အရက်သောက်သည့် အမျိုးသားတစ်ဦးသည် ရုရှားလူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် အထူးတလည် ရေပန်းစားလျက် ရှိသည်။

ယခုသီတင်းပတ် အစောပိုင်းက အမျိုးသားတစ်ဦးသည် မိတ်ဆွေ သူငယ်ချင်းများနှင့် အတူတကွ ဗော့ဒ်ကာအရက်သောက်နေရင်း အမူးလွန် ပြုတ်ကျသွားခဲ့သည်။ ထိုနေရာသို့ ရောက်ရှိလာသည့် ရှေးဦးသူနာပြုအဖွဲ့များက အဆိုပါ အမျိုးသားသေဆုံးသွားပြီဟု ဆုံးဖြတ်ပြီး ၎င်း၏ (အမှန်တကယ် မသေဆုံးသေးသော) ရုပ်အလောင်းကို ရေခဲတိုက်သို့ ပို့ဆောင်ခဲ့သည်။

သို့သော်လည်း ရေခဲတိုက်ထဲတွင် ၎င်းသည် ပြန်သတိလည်လာပြီး အစောင့်များကို လှမ်းခေါ်ကာ အပြင်ဖက်သို့ ပြန်ထွက်လာနိုင်ခဲ့သည်။ လူသေ အလောင်းများကြားတွင် နိုးထလာသဖြင့် အတန်ငယ် စိတ်ခြောက်ခြားသွားဟန် ရှိနေသည့် အမျိုးသားသည် ရေခဲတိုက်မှ ခပ်သုတ်သုတ် ပြန်လည်ထွက်ခွာသွားပြီး သူငယ်ချင်းများနှင့်အတူ ဆက်၍ အရက်သောက်ခဲ့ကြောင်း သိရသည်။

ရုရှားအရှေ့ပိုင်း ကမ်းခြေဒေသ တစ်ခုဖြစ်သည့် ပရိုင်မော်ယီတွင် ဖြစ်ပွားခဲ့သည့် သတင်းကို ရုရှားပုံနှိပ်မီဒီယာတစ်ခုဖြစ်သည့် NewsRU က စတင်ဖော်ပြခဲ့သည်။ ယင်းသတင်းသည် ရုရှားရှိ လူမှုကွန်ရက် အသုံးပြုသူများကြားတွင် ဟာသတစ်ခုသဖွယ် မျှဝေကြရာမှာ ရေပန်းစားနေခဲ့သည်။

အောက်တိုဘာလအတွင်းက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် သေဆုံးသူတစ်ဦးကို ရင်ခွဲစစ်ဆေးရန် စီစဉ်ရာ ရင်မခွဲမီလေးတွင် ပြန်ရှင်လာခဲ့ဖူးသည်။ သို့သော်လည်း ချက်ချင်းလိုလိုပင် ၎င်းသည် ပြန်လည်လဲကျသေဆုံးသွားခဲ့သည်။

ပြီးခဲ့သည့် နွေရာသီကမူ အသက် ၉၂ နှစ်အရွယ် အဖွားအိုတစ်ဦးသည် ရေခဲတိုက်ထဲရောက်မှ ပြန်နိုးလာသည့်အတွက် သူမကို သေဆုံးကြောင်းထောက်ခံချက်ပေးခဲ့သည့် ဆရာဝန်မှာ ပေါ့လျော့မှုဖြင့် တရားစွဲခံခဲ့ရသည်။ အဆိုပါအဖွားအိုသည် နောက် ၂ ရက် အကြာတွင် ပြန်လည်သေဆုံးသွားကြောင်း သိရသည်။

Ads