ပြီးခဲ့သည့် ဗုဒ္ဓဟူးက ယူကရိန်း ခရီးသည်တင်လေယာဉ်ဟာ အီရန်နိုင်ငံ တီဟီရန်လေဆိပ်ကနေ ယူကရိန်း၊ ကိဗ်မြို့ဆီ ဦးတည်ပျံတက်ချင်း မိနစ်ပိုင်းအတွင်းမှာပဲ ပျက်ကျပြီး လိုက်ပါသူ ၁၇၆ ဦးစလုံး သေဆုံးရတာ ဖြစ်ပါတယ်။

ဒီ လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်လို့ အီရန်ဒုံးကျည်ထိမှန်လို့ ပျက်ကျတာဖြစ်ကြောင်း အနောက်နိုင်ငံတွေက အတည်ပြုပြောဆိုခဲ့ပေမယ့် အီရန်ဟာ အစောပိုင်း ငြင်းဆန်နေခဲ့ပါတယ်။
ဒါပေမယ့် စနေနေ့ အစောပိုင်းမှာ လေယာဉ်ပျက်ကျမှုဟာ ဒုံးကျည်မှားယွင်းပစ်ခတ်မိလို့ ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံကနေ ကြေညာလာခဲ့တာပါ။

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီကလည်း ဒီဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ပြောဆိုပြီး အပြစ်ရှိသူတွေကို တရားစွဲဆိုသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး နောက်ကို ဒီလို အမှားမျိုး မဖြစ်အောင် သူတို့ရဲ့ ကာကွယ်ရေး စနစ်ကို အဆင့်မြှင့်မယ်လို့ အီရန် စစ်တပ်က ပြောပါတယ်။ ပြီးတော့ ဒီကိစ္စအတွက် တာဝန်ရှိသူတွေကိုလည်း အရေးယူမယ်လို့ ပြောပါတယ်။

ဒုံးကျည်ပစ်ခတ်တဲ့ တာဝန်ရှိသူဟာ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ဆောင်ရွက်ခဲ့တာလို့ လေကြောင်းကာကွယ်ရေး တပ်မှူးကြီးက ပြောပါတယ်။

“သူ့မှာ ဆုံးဖြတ်ဖို့ ၁၀ စက္ကန့်ပဲ အချိန်ရတယ်။ ပစ်မှာလား မပစ်ဘူးလားဆိုတာ အဲဒီလို အခြေအနေမျိုးမှာ ဆုံးဖြတ်ခဲ့ရပြီး သူ့ဆုံးဖြတ်ချက်မှားခဲ့တယ်” လို့ သူက ပြောပါတယ်။

“သူဟာ ပစ်ချဖို့ အတွက် ဆက်သွယ် အတည်ပြုချက် လုပ်ဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ သူ့ဆက်သွယ်ရေး စနစ် ပြတ်တောက်ခဲ့ပုံရတယ်” လို့လည်း ပြောပါတယ်။

ယူကရိန်းဟာ အဲဒီ ဖြစ်ရပ်က တာဝန်ရှိသူတွေကို အပြစ်ပေးဖို့အပြင် လျော်ကြေးပေးဖို့ပါ အီရန်နိုင်ငံက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“အီရန်အနေနဲ့ အပြစ်ရှိသူတွေကို တရားရုံးစွဲတင်လာမှာလို့ ကျွန်တော်တို့ ယုံကြည်မျှော်လင့်ပါတယ်။”လို့ ယူကရိကန်းသမ္မတ ဗိုလိုဒိုင်မိုင်ယားဇီလန်စကီက ဖေ့ဘုတ်မှာ ရေးသားပါတယ်။
ဒါအပြင် လိုက်ပါသူ လူအားလုံး သေဆုံးခဲ့ရတဲ့ ဒီလေယာဉ် ပစ်ချခံရမှုအတွက် လျော်ကြေးပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

Rf; The Times of Israel
မောင်သံဆင့်(XYZ News)

Ads