ပြီးခဲ့သည့် ဗုဒ္ဓဟူးက ယူကရိန်း ခရီးသည်တင်လေယာဉ်ဟာ အီရန်နိုင်ငံ တီဟီရန်လေဆိပ်ကနေ ယူကရိန်း၊ ကိဗ်မြို့ဆီ ဦးတည်ပျံတက်ချင်း မိနစ်ပိုင်းအတွင်းမှာပဲ ပျက်ကျပြီး လိုက်ပါသူ ၁၇၆ ဦးစလုံး သေဆုံးရတာ ဖြစ်ပါတယ်။

ဒီ လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်လို့ အီရန်ဒုံးကျည်ထိမှန်လို့ ပျက်ကျတာဖြစ်ကြောင်း အနောက်နိုင်ငံတွေက အတည်ပြုပြောဆိုခဲ့ပေမယ့် အီရန်ဟာ အစောပိုင်း ငြင်းဆန်နေခဲ့ပါတယ်။

ဒါပေမယ့် စနေနေ့ အစောပိုင်းမှာ လေယာဉ်ပျက်ကျမှုဟာ ဒုံးကျည်မှားယွင်းပစ်ခတ်မိလို့ ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံကနေ ကြေညာလာခဲ့တာပါ။

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီကလည်း ဒီဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ပြောဆိုပြီး အပြစ်ရှိသူတွေကို တရားစွဲဆိုသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အီရန်ဘက်က အခုလို ၀န်ခံလိုက်တဲ့ စနေနေ့မှာပဲ မြို့တော် တီဟီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့တယ်လို့လည်း ဖော်ပြနေကြပါတယ်။ Amirkabir နဲ့ Sharif တက္ကသိုလ်တွေမှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး နိုင်ငံရဲ့ ခေါင်းဆောင်တွေ နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြကြောင်း တော်လှန်ရေး ပြည်စောင့်တပ်နဲ့ ဆက်စပ်တဲ့ အစိုးရတပိုင်း Fars သတင်းအေဂျင်စီက ဖော်ပြပါတယ်။

တီဟီရန်မြို့တော်က Sharif နည်းပညာတက္ကသိုလ်မှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး ခါမေနီ ရာထူးက ဆင်းပေးဖို့ ကြွေးကြော်ခဲ့ကြတယ်လို့ Washington Post က ဖော်ပြပါတယ်။

လူမှုကွန်ရက်မှာ တင်နေကြတဲ့ ဗွီဒီယိုတခုမှာတော့ လူလိမ်တွေ၊ အာဏာရှင်တွေ သေကြဆိုပြီး ဆန္ဒပြသူတွေ ကြွေးကြော်ကြတယ်လို့ New York Times က ဖော်ပြပါတယ်။

ဆန္ဒပြသူများက အရပ်သားခရီးသည်တင်လေယာဉ်အား မှားယွင်းပစ်ခတ်မှုကို အပြည့်အစုံ စုံစမ်းစစ်ဆေးပေးရန်၊ အယာတိုလာ ခါမေနီ တာဝန်မှ အနားယူပေးရန် အစရှိသည့်အချက်များကို တောင်းဆိုကြကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြကြသည်။

ဆန္ဒပြပွဲတွေက အီရန်ရဲ့ တတိယ အကြီးဆုံးမြို့ Isafhan အပါအဝင် တခြား ဒေသတွေမှာပါ ဖြစ်ခဲ့တယ်လို့ ဗွီအိုအေ ပါရှန်းဌာနက ဖော်ပြပါတယ်။ အီရန်မှာ ဆန္ဒပြပွဲတွေဖြစ်ကြောင်း ရိုက်တာနဲ့ ဘီဘီစီသတင်းဌာနတွေကလည်း ဖော်ပြကြပါတယ်။

Writer_MG ( XYZ NEWS )

Ads