အမေရိကန်နိုင်ငံထဲက စစ်စခန်းတွေမှာ သင်တန်းတက်နေတဲ့ ဆော်ဒီအာရေဗျနိုင်ငံသား တပ်ဖွဲ့ဝင် ၁ ဒါဇင်ကျော်ကို အမေရိကန်နိုင်ငံထဲကနေ နှင်ထုတ်မယ်လို့ CNN သတင်းဌာနက ဇန်နဝါရီ ၁၁ ရက်မှာ ဖော်ပြပါတယ်။

ဖလော်ရီဒါပြည်နယ်က အမေရိကန်ရေတပ်စခန်းမှာ ဆော်ဒီလေတပ် တပ်ဖွဲ့ဝင် တယောက်ရဲ့ပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့တဲ့ဖြစ်စဉ်ကို ပင်တဂွန်စစ်ဌာနချုပ်က ပြန်လည်သုံးသပ်အပြီးမှာ ခုလို ဆုံးဖြတ်ခဲ့တာပါ။

နှင်ထုတ်ခံ ဆော်ဒီအရာရှိတွေဟာ ပန်စာကိုလာစခန်းမှာ အမေရိကန် ရေတပ်သား ၃ ယောက်ကို သတ်ခဲ့တဲ့ ဆော်ဒီလေတပ် ဒုဗိုလ်မှူးကို ကူညီမှုနဲ့ စွပ်စွဲခံရသူတွေ မဟုတ်ဘူးလို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။

ဒီအရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ပင်တဂွန်စစ်ဌာနချုပ်၊ အမေရိကန်တရားရေးဌာန၊ အမေရိကန်ထောက်လှမ်းရေးဗျူရို FBI နဲ့ အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံရုံးတို့ကို ဆက်သွယ်ပေ မယ့် ချက်ချင်း အကြောင်းမပြန်ကြသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၆ ရက် ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံထဲမှာ စစ်သင်တန်းတက်နေတဲ့ ဆော်ဒီ စစ်ဘက်တပ်ဖွဲ့ဝင် အားလုံးကို စစ်ဆင်ရေးသင်တန်းပေးမှု ရပ်လိုက်ပြီလို့ ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မှာတော့ အမေရိကန်မှာ ပညာသင်နေတဲ့ ဆော်ဒီစစ်သင်တန်း ကျောင်းသား အယောက် ၈၅၀ ကို ပြန်သုံးသပ်စစ်ဆေးချက်အရ ခြိမ်းခြောက်မှု မရှိတာ တွေ့ရတယ်လို့ ပင်တဂွန်က ကြေညာခဲ့ပါတယ်။

ဆော်ဒီလေတပ်က အသက် ၂၁ နှစ်အရွယ် ဒုဗိုလ် မိုဟမ်မဒ် ဆာအိ အယ်လ်ရှမ်ရာနီဟာ အသေပစ်ခတ် ဖမ်းဆီးတာ မခံရခင် အမေရိကန်ရေတပ်စခန်းကို တကိုယ်တော် ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားတယ်လို့ FBI က ပြောခဲ့ပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)

Ads