သိပ္ပံနယ်ပယ်က လေဆာရောင်ခြည်ဟာ ဘိုးရင်းကုမ္ပဏီ ကန်ထရိုက်စာချုပ်ရပြီး နောက်ပိုင်းမှာ စစ်လက်နက်အဖြစ် အသုံးပြုလို့ရအောင် နေ့စဉ်နဲ့အမျှ တီထွင်ပြောင်းလဲပစ်နေပါပြီ။ Star Wars (ကြယ်တာရာစစ်ပွဲ) ရုပ်ရှင်ထဲက တိုက်ပွဲတစ်ရပ်ကို နှစ်အနည်းငယ်အတွင်းမှာပဲ လက်တွေ့ မျက်မြင် မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပင်တဂွန်စစ်ဌာန အကြီးအကဲတွေဟာ လေဆာလက်နက်တွေ ထွက်ပေါ်လာရေး တစ်စစနဲ့ အကောင်အထည် ဖော်လျက် ရှိတာကြောင့်ပါပဲ။

အမေရိကန် ကိုယ်ပျောက်ဂျက်လေယာဉ်တွေမှာ တပ်ဆင်နိုင်မယ့် စစ်လေယာဉ်သုံး လေဆာလက်နက်တွေဟာ ဆန့်ကျင်ဖက်ဒုံးစနစ်တွေ၊ ဝေဟင်မှ ဝေဟင်တိုက်ခိုက်ရေးဂျက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ သင်္ဘောတွေနဲ့ မြေပြင်တပ်ဖွဲ့စုတွေကို လေဆာရောင်ခြည်တန်း ထိုးရင်း ခဏချင်းမှာ လောင်မြိုက်ပြာကျစေတော့မှာ ဖြစ်ပါတယ်။ စစ်လေယာဉ်တွေရဲ့ စနစ်က လာမယ့် ပစ်မှတ်တွေကို ခြေရာခံပြီး ပစ်မှတ်ဗဟိုကို ဆုံးဖြတ်ပြီးနောက်မှာ ရန်သူကို လေဆာရောင်ခြည်တန်း ထိုးရင်း တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။ ဒီလို ကြယ်တာရာစစ်ပွဲရုပ်ရှင်က မြင်ကွင်းမျိုးဟာ လာမယ့် နှစ်အနည်းငယ်မှာပဲ အစစ်ဘဝထဲ ရောက်လာဖို့ရန် ရှိနေပါတယ်။

‘သေမင်းကြယ်တာရာ’ဆိုတဲ့ ဒီလေဆာပစ်လွှတ်စက်အတွက် ဘိုရင်းကုမ္ပဏီဟာ ဒေါ်လာ သန်း ၉၀ တန် ကန်ထရိုက်စာချုပ်ကို ၂၀၁၆ ခုနှစ်အတွင်းမှာ ရရှိခဲ့တာ ဖြစ်ပြီး တီထွင်လျက် ရှိနေတာ ဖြစ်ပါတယ်။ ဒီလေဆာလက်နက်ဟာ အမေရေိကန်လေတပ်အတွက်တော့ စစ်ပွဲရလဒ်ပြောင်းလက်နက်ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ နာဇီတွေဟာ Messerschmitt Me 262 ဆိုတဲ့ ပထမဆုံး ဂျက်တိုက်လေယာဉ်ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ဝေဟင်စစ်ပွဲပုံစံတွေ ပြောင်းလဲလာရာမှာ အခု တီထွင်တည်ဆောက်နေတဲ့ သေမင်းကြယ်တာရာ လက်နက်ကတော့ အကြီးမားဆုံး ပြောင်းလဲမှုကြီးပဲ ဖြစ်လာမှာပါ။

ဆယ်စုနှစ်တွေကြာအောင် စစ်မြေပြင်တွေမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေနဲ့ တိုက်ခိုက်နေကြရာကနေ လေဆာရောင်ခြည်တန်းတွေနဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တာက အစားထိုး ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဖောက်ခွဲမှုတွေ၊ ကျည်ဖူးကျည်ဆန်တွေနဲ့ တိုက်ခိုက်တာထက် လေဆာရောင်ခြည်တန်းက လွန်ကဲပြင်းထန်တဲ့ အပူရှိန်နဲ့ အလင်းစွမ်းအင်တွေဟာ တစ်ဖက်ယှဉ်ပြိုင်ဖက်ကို ပြာချပစ်နိုင်တာကြောင့်ပါပဲ။

ဒီနည်းပညာလက်နက်ဟာ ဒေါ်လာဘီလီယံများစွာလည်း ချွေတာဖြစ်စေမှာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုတန်ဖိုး ကြီးမြင့်လွန်တဲ့ ဒုံးကျည်တွေနဲ့ အခြားသော စစ်လက်နက်ကြီးတွေနေရာမှာ အစားထိုးနိုင်မှာ ဖြစ်တာကြောင့်ပါ။ နည်းပညာကုမ္ပဏီဖြစ်တဲ့ Stellar Science ကလည်း စစ်လေယာဉ်တွေမှာ လေဆာလက်နက်တွေ မတပ်ဆင်နိုင်သေးခင် အကြိုစမ်းသပ်ပုံစံထုတ်လုပ်မှုကို လုပ်ဆောင်နေပါတယ်။ လုံခြုံရေးကုမ္ပဏီကြီး Northop Grumman ကလည်း လေဆာနည်းပညာ တပ်ဆင်မယ့် နည်းပညာမြင့် တိုက်ခိုက်ရေးလေယာဉ်တွေကို တည်ဆောက်လျက် ရှိနေပါတယ်။

Rf; The Sun
Writer : စပွန့် (XYZ News)

Ads