ရုရှားရဲ့ ပဉ္စမမျိုးဆက် Su-57 ကိုယ်ပျောက်တိုက်လေယာဉ်တစင်းဟာ နိုင်ငံရဲ့ အရှေ့ဖျား ခါဘာရော့စ်ဒေသမှာ စမ်းသပ်ပျံသန်းစဉ် ပျက်ကျခဲ့တယ်လို့ TASS သတင်းအေဂျင်စီက မှာဖော်ပြပါတယ်။

လေယာဉ်ထိန်းစနစ် ချွတ်ယွင်းပြီးနောက် လေယာဉ်ပျက်ကျခဲ့ပြီး ပိုင်းလော့ကတော့ အရေးပေါ် ခုန်ထွက်နိုင်ခဲ့တယ်လို့ ယူနိုက်တက်လေကြောင်း ကော်ပိုရေးရှင်း (UAC)က အစောပိုင်းမှာ ပြောဆိုပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပထမဆုံး စီးရီးလိုက်ထုတ်တဲ့ Su-57 တိုက်လေယာဉ်ကို ဒီနှစ်ကုန်မှာ ရရှိမယ်လို့ အစောပိုင်းမှာ ပြောထားပါတယ်။

လေယာဉ်ထုတ်လုပ်တဲ့ ဆူခွိုင်းကုမ္ပဏီဟာ လာမယ့် ၂၀၂၈ အကုန်မှာ ရုရှားလေတပ်ကို ပဉ္စမမျိုးဆက် Su-57 ကိုယ်ပျောက်တိုက်လေယာဉ် စုစုပေါင်း ၇၆ စင်း ပေးအပ်ဖို့ စီစဉ်ထားပါတယ်။

ကာကွယ်ရေးဝန်ကြီးရဲ့ အဆိုအရ Su-57 ကိုယ်ပျောက်တိုက်လေယာဉ်တွေဟာ ဝေဟင်၊ မြေပြင်နဲ့ မျက်နှာပြင် ပစ်မှတ်မျိုးစုံကို ဖျက်ဆီးနိုင်အောင် ဖန်တီးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Ads