တရုတ်နိုင်ငံပိုင် မဂ္ဂဇင်းတစ်စောင်ဟာ နိုင်ငံရဲ့ ထိပ်တန်းလျှိုဝှက် လက်နက်သစ်အကြောင်းကို မတော်တဆ ဖော်ပြလိုက်မိပုံ ရပါတယ်။
တရုတ်ဗုံးကြဲလေယာဉ်တစ်စင်းမှာ တပ်ဆင်ထားတဲ့ လက်နက်သစ်အကြောင်း နိုင်ငံပိုင် Modern Ships မဂ္ဂဇင်းက အမှတ်မဲ့ ဖော်ပြမိပုံရတာကနေ အတွင်းရေးအချက်အလက်တွေ ပေါက်ကြားခဲ့တာပါ။

မဂ္ဂဇင်းရဲ ရှေ့မျက်နှာဖုံးနဲ့ အတွင်း စာမျက်နှာ နှစ်မျက်နှာခွ ဖော်ပြခဲ့တဲ့ H-6N ဗုံးကြဲလေယာဉ်ရဲ့ ကိုယ်ထည်အောက်က ဒုံးလက်နက်သစ်ဟာ နိုင်ငံရဲ့ ထိပ်တန်းလျှိုဝှက်လက်နက်ပဲ ဖြစ်ပါတယ်။

ခုလို ပေါက်ကြားပြီးနောက်မှာ နိုင်ငံပိုင်မဂ္ဂဇင်းအနေနဲ့ ကျဉ်းထဲကျပ်ထဲ ရောက်နေရပြီဖြစ်သလို စစ်ဖက်ရေးရာ ပညာရှင်တွေက တရုတ်အစိုးရအနေနဲ့ လက်ပူးလက်ကြပ် အမိခံလိုက်ရတဲ့ ဖြစ်ရပ်ပဲလို့ ယူဆကြပါတယ်။

မဂ္ဂဇင်းပုံပါ ဗုံးကြဲလေယာဉ်မှာ ကိုယ်ထည်အောက် အကြီးစား ပဲ့ထိန်းဒုံးကျည်ကို သယ်ဆောင်ထားတာကို မြင်တွေ့ရတာပါ။ ဒီ ဒုံးကျည်ဟာ လက်ရှိ တရုတ်ပြည်သူ့တပ်မတော် ဒုံးကျည်တပ်ရင်းမှာ လေယာဉ်တင်သင်္ဘော သတ်ဖြတ်သူအဖြစ် သတ်မှတ်ခံထားရတဲ့ နောက်ဆုံးပေါ် Dong Feng-15 ပဲ့ထိန်းဒုံးနဲ့ ပုံစံဆင်ပါတယ်။

ဒါပေမယ့် အဲဒီ ဒုံးလက်နက်သစ်ကို လူသိရှင်ကြား ပေါက်ကြားပြီးနောက်မှာ တရုတ်နိုင်ငံပိုင် Global Times သတင်းစာက “ဒီပုံဟာ ကွန်ပျူတာနဲ့ ပြုပြင်ထားတဲ့ ပုံပါ။ ကြည့်ကောင်း၊ မြင်ကောင်းအောင် လုပ်ထားတာပဲ ဖြစ်ပြီး တရားဝင်အချက်အလက် မဟုတ်ပါ။”ဆိုပြီး ဖာထေးလာပါတယ်။

ဩစတြေးလျက မဟာဗျူဟာမူဝါဒသုတေသီ မယ်ကွန်ဒါဗိုက်စ်က Flight Global ကို ပြောရာမှာတော့ “ဒီပုံဟာ အစစ်ဆိုရင်တော့ တရုတ်ပြည်သူ့တပ်မတော်ရဲ့ သင်္ဘောဖျက် စွမ်းရည်ဟာ လက်ဖျားခါလောက်အောင် အင်အားကြီးထွားနေတာပဲ ဖြစ်ပါမယ်။”လို့ ဆိုပါတယ်။

“ဒီ ဒုံးပုံစံဟာ သီအိုရီအရ မြေပြင်ကနေပဲ ပစ်လွှတ်နိုင်တဲ့ သင်္ဘောဖျက် DF-26 တိုက်ချင်းပစ်ဒုံးကျည် ပုံစံမျိုး ရှိပါတယ်။ အခု လေယာဉ်မှာ တင်ဆောင်နိုင်စွမ်း ရှိလာတာကတော့ အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုအတွက် ဘေးအန္တရာယ် ပိုများလာတော့တာပဲ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

Rf; Dail Star
Writer : Min Thu (XYZ News)

Ads