မျိုးဗီဇအင်ဂျင်နီယားရင်းပညာရပ်က ကြီးမားတွင်ကျယ်လာပြီး သုတေသနတွေ ဆက်လက်မပြတ်တမ်း လုပ်ဆောင်နေရင် မဟာလူသားတွေကို အပြိုင်အဆိုင် မွေးထုတ်လာကြပြီး ဒီအတွက် ကျန်တဲ့လူလောကအသိုက်အမြုံ ပျက်စီးသွားနိုင်တာကို ရာစုသစ်ရဲ့ သိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်းက စိုးရိမ်ပူပန်ခဲ့ပါတယ်။

မတ်လအတွင်းက ကွယ်လွန်ခဲ့တဲ့ စတီဗင်ဟော့ကင်းဟာ လူသားတွေ မွေးထုတ်တဲ့ အပြိုင်အဆိုင်အနာဂတ်ကို စိုးရိမ်ပူပန်ကြောင်း အကြမ်းဖျင်းဖော်ပြတဲ့ ဆောင်းပါးတွေ ရေးသားချန်ထားရစ်တာပဲ ဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်က ထုတ်ဝေတဲ့ ဟော့ကင်းရဲ့ နောက်ဆုံးထုတ် Brief Answers to the Big Questions ဆောင်းပါးပေါင်းချုပ် စာအုပ်မှာ ချမ်းသာတဲ့ သူဌေးကြီးတွေက သူတို့ ကိုယ်ပိုင်နဲ့ သူတို့ကလေးငယ်တွေရဲ့ DNA ကို အသိဉာဏ် ပိုပြီးကြီးမားပြီး သက်တမ်းလည်း ပိုရှည်တဲ့ မဟာလူသားတွေဖြစ်အောင် ဖန်တီးလာတော့မှာကို စိုးရိမ်ပူပန်ကြောင်း ဖော်ပြရေးသားထားပါတယ်။

“မဟာလူသားတွေ ပေါ်ပေါက်လာရင် ကိုယ်ကိုကို ပြည့်စုံတဲ့ မဟာလူသားဖြစ်အောင် မစွမ်းဆောင်နိုင်တဲ့ သာမန်လူအသိုင်းအဝန်းနဲ့အတူ နိုင်ငံရေးပြဿနာများစွာ ဖြစ်ထွန်းပေါ်ပေါက်လာလိမ့်မှာ ဖြစ်တယ်။”လို့ ဟော့ကင်းက ရေးသားထားပါတယ်။

“မှန်းဆရရင်တော့ သာမန်လူသားတွေ မျိုးသုဉ်းတာ ဒါမှမဟုတ် ချောင်ထိုးခံဘဝ ဖြစ်လာတာတွေ ရှိလာလိမ့်မယ်။ သက်တမ်းပိုရှည် အသိဉာဏ်မြင့်မားတဲ့ မဟာလူသားတွေအဖြစ် အပြိုင်အဆိုင် ဖန်တီးလာကြလိမ့်မယ်။”လို့ ရေးသားပါတယ်။

အနာဂတ်မှာ ဥပဒေကလည်း မျိုးဗီဇအင်ဂျင်နီးယားရင်းနယ်ပယ်အတွက် တစ်ဖြည်းဖြည်း ဖြေလျော့ပေးလာရလိမ့်မှာ ဖြစ်ကြောင်း၊ မဟာလူသားတွေ ပေါ်ထွန်းရေးမှာ လူတွေကလည်း ဘယ်လိုစည်းမျဉ်းတင်းကျပ်မှုမျိုးမဆို ချိုးဖောက်တော့မှာဖြစ်ကြောင်း ဟော့ကင်းက ခန့်မှန်းထားပါတယ်။

The Sunday Times သတင်းမှာ ကောက်နုတ်ဖော်ပြထားတဲ့ စတီဗင်ဟော့ကင်းရဲ့ ခန့်မှန်းထားချက်မှာ “ကျွန်တော်အနေနဲ့ ကျိန်းသေတယ်။ အနာဂတ်ရာစုနှစ်မှာ လူတွေက အသိဉာဏ်မြင့်မားပြီး တိုက်ရည်ခိုက်ရည် ဗီဇပြင်းပြတဲ့ အထူးပြုပေါင်းစပ်မျိုးဗီဇတွေကို ဖော်ထုတ်ဖန်တီးပြီး မဟာလူသားတွေ ဖြစ်အောင် လုပ်ဆောင်လာကြလိမ့်မယ်။”လို့ ဖော်ပြထားပါတယ်။

“ဥပဒေကလည်း မျိုးဗီဇအင်ဂျင်နီးယားရင်းကို တားမြစ်ကောင်း တားမြစ်လာမှာ ဖြစ်ပေမယ့် အရာရောက်မှာ မဟုတ်တော့ဘူး။ တစ်ချို့လူတွေအတွက် မှတ်ဉာဏ်၊ ရောဂါတွေကို ခုခံနိုင်စွမ်းနဲ့ သက်တမ်းပိုရှည်တဲ့ လူသားဗီဇစရိုက်လက္ခဏာတွေကို မြှင့်တင်နိုင်ဖို့ ဥပဒေကို ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ဒီအတွက် မဟာလူသားတွေ ရှိလာတဲ့အချိန် သာမန်လူသားတွေနဲ့ လူအသိုက်အဝန်း ပဋိပက္ခတွေဟာ ရှိလာလိမ့်မှာ ဖြစ်တယ်။”လို့ ၂၁ ရာစုရဲ့ အထူးချွန်ဆုံး သိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်းက ရေးသားခဲ့ပါတယ်။

Rf; metro.co.uk
Writer_မောင်သံဆင့် ( YGN Times )

Ads